close

နောက်ဆုံးပွဲစဉ် အနိုင်ယူပြီး ချန်ပီယံဆုဖလားယူနိုင်မည်ဟု မန်စီးတီးနည်းပြ ယုံကြည်

မန်စီးတီးအသင်းဟာ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ အနိုင်မရခဲ့ပေမယ့် နောက်ဆုံးပွဲစဉ်မှာ အနိုင်ကစားပြီး ချန်ပီယံဆုဖလားယူနိုင်မယ်လို့ နည်းပြဂွါဒီယိုလာက ယုံကြည်နေပါတယ်။ 

မန်စီးတီးအသင်းဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဦးဆောင်ဂိုး ၂ ဂိုး စတင်ပေးခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုး ၂ ဂိုးပြန်သွင်းခဲ့ပါတယ်။ ပင်နယ်တီရရှိခဲ့ပေမယ့် မာရက်ဇ်ရဲ့ကန်ချက်ကို ဝက်စ်ဟမ်းဂိုးသမား ကာကွယ်နိုင်ခဲ့တာကြောင့် သရေ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့တာပါ။ 

မန်စီးတီးဟာ တပွဲပိုကစားပြီး လီဗာပူးကို ၄ မှတ်ဖြတ်ထားပေမယ့် လီဗာပူးက ဆောက်သမ်တန်ကို အနိုင်ရခဲ့ရင် တမှတ်သာကွာဟတော့မှာပါ။ ဒီအခြေအနေမှာ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ပွဲစဉ်က ချန်ပီယံဖြစ်ရေးအတွက် အဆုံးအဖြတ်ပွဲစဉ်ဖြစ်ပြီး အနိုင်ကစားဖို့လိုအပ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။ 

“ချန်ပီယံဖြစ်ချင်ရင် နောက်ဆုံးပွဲစဉ်ကို အနိုင်ကစားဖို့လိုအပ်ပါတယ်။ ကျနော်တို့အနိုင်မရရင် လီဗာပူးက ချန်ပီယံဖြစ်သွားလိမ့်မယ်။ လာမယ့်တပတ်ပွဲစဉ်မှာ ပရိသတ်တွေပြည့်လျှံနေတဲ့ ကျနော်တို့ ကွင်းထဲမှာ ကစား သမားတွေအားလုံးက အစွမ်းကုန်ပေးဆပ်ကြပါလိမ့်မယ်။ ပရိသတ်တွေက သူတို့ရဲ့အသက်တွေကို ကျနော်တို့ကစားသမားတွေဆီ ပေးအပ်ထားကြလိမ့်မယ်။ အိမ်ကွင်းမှာ အနိုင်ကစားပြီး ချန်ပီယံဆုဖလားကိုင်မြှောက်နိုင်မယ့်အခွင့်အရေးက မယုံကြည်နိုင်စရာကောင်းတဲ့ အခွင့်အရေးပါပဲ” လို့ နည်းပြဂွါဒီယိုလာကပြောပါတယ်။ 

လီဗာပူးအသင်းဟာ မေလ ၁၈ ရက်မှာ ဆောက်သမ်တန်နဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး အဲဒီပွဲမှာ ရှုံးနိမ့်သွားမယ်ဆိုရင်တော့ မန်စီးတီးက နောက်ဆုံးပွဲစဉ်မတိုင်ခင် ချန်ပီယံဖြစ်သွားမှာပါ။

//
Up