စစ်ပွဲအဆုံးသတ်ရေး ရုရှားသမ္မတနှင့် တွေ့ဆုံဆွေးနွေးလိုဟု ယူကရိန်းသမ္မတပြော

စစ်ပွဲ ဘယ်လိုအဆုံးသတ်မလဲဆိုတာ ဆွေးနွေးဖို့အတွက် တွေ့ချင်တဲ့ တဦးတည်းသောသူက ရုရှားသမ္မတ ဗလာဒီမာ ပူတင်ပဲလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မေ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်လာသူတွေကို ရုပ်သံလိုင်းကနေတဆင့် ပြောတဲ့ မိန့်ခွန်းအတွင်း ဇလန်းစကီးက ခုလို ပြောလိုက်တာပါ။
သိမ်းပိုက်ခံ အရပ်သားတွေအပေါ် ရုရှားရဲ့လုပ်ရပ် သက်သေတွေကြောင့် ရုရှားနဲ့ ဘယ်လိုဆွေးနွေးပွဲကိုမဆို စီစဉ်ရတာ ပိုခက်လာတယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။
ရုရှားကတော့ ယူကရိန်းစစ်တပ်ရဲ့ စွမ်းဆောင်ရည်ကို အဆင့်လျှော့ချဖို့ သူ့ရဲ့ အထူးစစ်ဆင်ရေးအတွင်း အရပ်သားတွေကို ပစ်မှတ်မထားဘူးလို့ ငြင်းထားပါတယ်။
"ရုရှားသမ္မတက အားလုံးဆုံးဖြတ်တာပဲ။ တကယ်လို့ ကျေနာ်တို့က သူကိုယ်တိုင်မပါဘဲ စစ်ပွဲကို အဆုံးသတ်ရေး ဆွေးနွေးနေရင် ဆုံးဖြတ်ချက် မချနိုင်ဘူး" လို့ ဇလန်းစကီးက စကားပြန်ကနေတဆင့် ပြောပါတယ်။
စစ်ပွဲအစပိုင်းမှာ ရုရှားတပ်တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေထဲမှာ၊ အထူးသဖြင့် ကီးယက်ဗ်မြို့ အပြင်ဘက်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ထားတာတွေကို ရှာတွေ့ထားတယ်၊ ဒါဟာ ဆွေးနွေးပွဲတွေကို စီစဉ်ရတာ ပိုခက်စေပြီး တခြားအရာရှိတွေနဲ့ ဘယ်လို ဆွေးနွေးပွဲကိုမဆို သူက ငြင်းမယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။
"စားပွဲပေါ်မှာ ဆွေးနွေးရမယ့် ကိစ္စရပ်တခု ရှိတယ်ဆိုရင် အဲဒါက စစ်ပွဲကိုရပ်ဖို့ပဲ။ ဘယ်လို တခြားအစည်းအဝေး ပုံစံမျိုးအတွက်မဆို တခြား အခြေခံသတ်မှတ်ချက် မရှိဘူး" လို့ ဇလန်းစကီးက ဆက်ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်း ညှိနှိုင်းသူတွေဟာ ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီလကုန်မှာ စတိုက်ကတည်းက တရစပ် ဆွေးနွေးလာခဲ့ကြတာပါ။ ဒါပေမဲ့ ဆွေးနွေးပွဲတွေက ဝေ့လည်ကြောင်ပတ် လုပ်နေတယ်လို့ နှစ်ဖက်စလုံးက ပြောထားပါတယ်။
သံတမန်ပုံစံတချို့ မပါဘဲ စစ်ပွဲကိုရပ်ဖို့ မဖြစ်နိုင်ဘူးလို့ ဇလန်းစကီးက ယူကရိန်းရုပ်သံကို အရင်အပတ်က ပြောထားပါတယ်။
ယူကရိန်းပြည်သူတွေရဲ့ ကြီးမားတဲ့ လူသားတန်ဖိုးတွေ ပေးဆပ်ထားရတဲ့ ဒီစစ်ပွဲဟာ အထူးသဖြင့် ခါခိဗ်မြို့နားမှာ အသာစီးရလာခဲ့ပြီ၊ ဒါပေမဲ့ လူတွေအများကြီး ဆုံးရှုံးထားရတဲ့ ဒွန်ဘတ်စ်ဒေသမှာတော့ သွေးချောင်းအစီးဆုံး အခြေအနေတွေ ကျန်နေသေးတယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။
၂၀၁၄ ခုနှစ်က ကျူးကျော်သိမ်းပိုက်ခံရတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို အင်အားသုံးပြီး ပြန်လည်ရယူရေး ဘယ်လိုစိတ်ကူးမဆို လူထောင်သောင်းချီ အသက်ပေးရနိုင်တယ်လို့ ဇလန်းစကီးက ထပ်ပြောခဲ့ပါတယ်။