close

အမေရိကန်နှင့် တောင်ကိုရီးယား ပဲ့ထိန်းနှင့် ဗျူဟာမြောက်ဒုံးကျည်များ ပစ်ခတ်လေ့ကျင့်

မြောက်ကိုရီးယားက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ခဲ့ပြီးနောက် တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ပဲ့ထိန်းနဲ့ ဗျူဟာမြောက် ဒုံးကျည်တွေကို မေ ၂၅ ရက်မှာ ပစ်ခတ်လေ့ကျင့်ခဲ့ကြပါတယ်။

လေ့ကျင့်ခန်းထဲမှာ မြေပြင်ကနေ မြေပြင်ကို ဒုံးကျည်နဲ့ စမ်းသပ်ပစ်ခတ်တာတွေ ပါပါတယ်။

အမေရိကန်ရဲ့ တပ်မတော် နည်းဗျူဟာ ဒုံးကျည်စနစ် ATACMS နဲ့ တောင်ကိုရီးယား စစ်တပ်ရဲ့ ဟျွန်မိုးတူး တာတိုပစ်ပဲ့ထိန်း ဒုံးကျည်စနစ် SRBM တွေကို ပစ်ခတ် လေ့ကျင့်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားစစ်တပ်ဟာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ခဲ့တဲ့နေ့မှာပဲ ပစ်ခတ်လေ့ကျင့်တဲ့ စစ်ရေးလေ့ကျင့်မှုကို ချက်ချင်း လေ့ကျင့်ခဲ့ကြတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

စစ်တပ်က အတည်ပြုထားတဲ့ စမ်းသပ်ပစ်ခတ်မှုဟာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်တဲ့ ဘယ်နေရာမဆို၊ ကြီးကြပ်ကွပ်ကဲတဲ့ ဘယ်စနစ်ကိုမဆို လိုအပ်ရင် အတိအကျ ပစ်ချနိုင်စွမ်းကို စမ်းသပ်တာလို့ တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးအရာရှိချုပ်က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

"မြောက်ကိုရီးယားက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေနဲ့ တာတိုပစ် ဒုံးကျည်တွေကို ဒီကနေ့ ပစ်ခတ်ခဲ့တာဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို တိုက်ရိုက် ချိုးဖောက်တဲ့ တရားမဝင်တဲ့လုပ်ရပ် ဖြစ်တယ်။ ဒါဟာ ကိုရီးယားကျွန်းဆွယ်နဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တဲ့ အကြီးအကျယ် ကျူးကျော်ရန်စမှုလည်း ဖြစ်တယ်။ အစိုးရက အပြင်းအထန် ပြစ်တင်ရှုတ်ချတယ်" လို့ တောင်ကိုရီးယားသမ္မတ ပြောခွင့်ရ ခန်းအင်းဆွန်းက ပြောပါတယ်။

မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းရိုးတန်းကနေ ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ် စမ်းသပ်ခဲ့ပြီးတဲ့နောက် နျူကလီးယားလက်နက် စမ်းသပ်ချက် အပါအဝင် နောက်ထပ် ရန်လိုတဲ့လုပ်ရပ်တွေ ထပ်လုပ်ကောင်း လုပ်နိုင်တယ်လို့ ဂျပန်အစိုးရ ထိပ်တန်းပြောခွင့်ရနဲ့ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ဟိရိုခဇု မတ်စုနိုက မေ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

ဂျပန်အထူးစီးပွားရေးဇုန် အပြင်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့တဲ့ ဒုံးကျည်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းနေချိန်မှာ ဂျပန်ဟာ ဆက်ပြီး သတိရှိနေမယ်လို့လည်း သူက ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ မေ ၂၅ ရက်က တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်လို့ ထင်ရတဲ့ ဒုံးကျည်တလုံး အပါအဝင် ဒုံးကျည် ၃ စင်းကို ပစ်လွှတ်ခဲ့တာပါ။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာရှခရီးစဉ်က အပြန်မှာ ခုလိုပစ်ခတ်တာ ဖြစ်ပါတယ်။

ဘိုင်ဒင်ကတော့ နျူကလီးယားလက်နက်ရှင် မြောက်ကိုရီးယားကို ဟန့်တားရေး လုပ်ဆောင်ချက်အသစ်တွေကို ခရီးစဉ်အတွင်း သဘောတူခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ နောက်ထပ် လက်နက်တွေကို စမ်းသပ်ဖို့ အဆင်သင့် ဖြစ်နေပုံ ပေါ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား အရာရှိတွေက လတ်တလောမှာ သတိပေးထားပါတယ်။

//
Up