အာသံပြည်နယ်တွင် ရေကြီး မြေပြိုမှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း လျှပ်တပြက် ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးပြီး လူပေါင်း ၆၅၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက မေ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
အာသံပြည်နယ်မှာ မုတ်သုံမိုးသည်းထန်တာ နှစ်စဉ်ဖြစ်ပွားလေ့ရှိသလို ရေကြီးမြေပြိုမှုတွေကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရပြီး မကြာခဏဆိုသလို သူတို့ပိုင်ဆိုင်သမျှတွေကို ထားပစ်ခဲ့ရတာပါ။
တိဘက်ကနေ အိန္ဒိယကို စီးဆင်းပြီး နောက်ဆုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အဆုံးသတ် စီးဝင်သွားတဲ့ ဗြဟ္မပုတ္တရမြစ်ရေလျှံလို့ အာသံပြည်နယ်ထဲမှာ ကမ်းပါးတွေ ပြိုကျခဲ့ပြီး အခုလအတွင်း ခရိုင် ၂၆ ခုရှိ ကျေးရွာပေါင်း ၁,၈၀၀ ကျော် ရေနစ်မြုပ်ခဲ့ရပါတယ်။ မီးရထားလမ်းကွန်ရက်ရဲ့ အစိတ်အပိုင်းတွေလည်း ပျက်စီးခဲ့ပါတယ်။
အာဏာပိုင်တွေဟာ ခရိုင် ၂၀ မှာ ကယ်ဆယ်ရေးစခန်း ၃၆၆ ခု ထူထောင်ထားပြီး လူပေါင်း ၉၅,၀၀၀ ကျော်အတွက် ယာယီခိုလှုံဖို့ နေရာတွေ စီစဉ်ပေးနေပါတယ်။
ပြည်နယ်ရဲ့ နေရာတချို့မှာလည်း ရေလွှမ်းမိုးမှုကြောင့် လမ်းတွေ၊ နေအိမ်တွေနဲ့ အဆောက်အအုံတွေလည်း ရေနစ်မြုပ်ခဲ့ပါတယ်။