close

အမေရိကန်တွင် ၂၀၂၁ ခုနှစ်အတွင်း သေနတ်ပစ်ခတ်မှု ၆၁ ကြိမ်ရှိဟု အက်ဖ်ဘီအိုင်ပြော

အမေရိကန်ပြည်ထောင်စုမှာ မနှစ် ၂၀၂၁ ခုနှစ် တနှစ်အတွင်း သွေးကြွသေနတ်သမားတွေရဲ့ ပစ်ခတ်မှုပေါင်း ၆၁ ကြိမ်ရှိခဲ့ပြီး ဒါဟာ ၂၀၂၀ ခုနှစ်ထက် ကြိမ်ရေထက်ဝက်ကျော် တိုးလာတာလို့ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို အက်ဖ်ဘီအိုင်က ပြောပါတယ်။

၂၀၂၁ ခုနှစ် တနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ လူကိုသေစေတဲ့ သေနတ်ပစ်ခတ်မှုပေါင်း ၆၁ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ မေ ၂၃ ရက်က ထုတ်ပြန်တဲ့ အက်ဖ်ဘီအိုင်ရဲ့ အစီရင်ခံစာအရ ၂၀၂၀ ခုနှစ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုနဲ့ ထိခိုက်သေကျေမှုတွေဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားခဲ့တဲ့ နှစ်စဉ် ပစ်ခတ်သေကျေမှုတွေအနက် အမြင့်မားဆုံးဖြစ်ခဲ့တယ်လို့  ဖော်ပြပါတယ်။

ဒီနှစ်ကတော့ အမေရိကန်ပြည်ထောင်စုအတွက် ပိုမိုဆိုးရွားတဲ့နှစ် ဖြစ်ခဲ့ပြီး ပြည်နယ် ၃၀ ကျော်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်တွေဟာ မနှစ်ကထက် ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့တယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဖြစ်စဉ်တွေထက် ၂ ဆ မြင့်တက်လာတယ်လို့ အက်ဖ်ဘီအိုင်က ပြောပါတယ်။

လူတွေကို လူမြင်ကွင်းနေရာတွေမှာ သတ်ဖြတ်ဖို့၊ ဒါမှမဟုတ် ဒီလိုသတ်ဖြတ်ဖို့ ကြိုးပမ်းမှုမှာ ပူးပေါင်းပါဝင် ပတ်သက်နေသူတဦးကို ကျူးလွန်တဲ့ သေနတ်သမားလို့ အက်ဖ်ဘီအိုင်က သတ်မှတ်ပါတယ်။

မနှစ်က ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ် အားလုံးရဲ့ ထက်ဝက်ကျော်ဟာ စီးပွားရေး လုပ်ငန်းကြီးတွေ တည်ရှိရာနေရာတွေမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ပစ်ခတ်မှု ကျူးလွန်သူ အများစုရဲ့ လုပ်လေ့ရှိတဲ့ နေရာစုံမှာ ရွှေ့ပြောင်းလှည့်လည် ပစ်ခတ်နေမှုမျိုး ဖြစ်လာတယ်လို့ အက်ဖ်ဘီအိုင်က ထောက်ပြပါတယ်။

အတ္တလန္တာဒေသ နေ့ဘက် အပန်းဖြေရာနေရာတွေမှာ သေနတ်သမားတယောက်ရဲ့ ပစ်ခတ်ခဲ့မှုဖြစ်စဉ်ဟာ ဒါမျိုးပါလို့ ပြောပါတယ်။ မနှစ်က သွေးကြွသေနတ်သမား ကာနေရဲ့ လက်ချက်နဲ့ လူပေါင်း ၁၃၀ သေဆုံးခဲ့ပြီး လူ ၁၄၀ ဒဏ်ရာရခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူမှုစီးပွားဆိုင်ရာ တင်းကျပ်မှုတွေ ပြုခဲ့ရတဲ့ မနှစ်က တနှစ်အတွင်း သူ့လိုသေနတ်သမား အယောက် ၄၀ ရဲ့ ပစ်ခတ်မှုတွေကြောင့် ပြည်နယ် ၁၉ ပြည်နယ်မှာ လူ ၃၈ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂၆ ဦး ရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း လက်စ်ဗီးဂတ်ဒေသ လေဟာပြင်ဂီတပွဲတော် ကျင်းပနေတုန်းမှာ မန္တလေးဘေးဟိုတယ်ပေါ်က သေနတ်သမားရဲ့ အကွက်ချ စီစဉ်ပစ်ခတ်မှုကြောင့် လူ ၅၆ ဦး သေဆုံးရကာ လူရာပေါင်းစွာ ဒဏ်ရာရခဲ့ဖူးပါတယ်။

လက်စ်ဗီးဂတ်တိုက်ခိုက်မှု တခုတည်းက ၂၀၁၇ ခုနှစ်ရဲ့ နှစ်စဉ်သေဆုံးသူ အရေအတွက်ကို တိုးများစေခဲ့ပါတယ်။ အဲဒီနှစ်က အမေရိကန်တဝန်းမှာ ပစ်ခတ်မှုကျူးလွန်တဲ့ အကြိမ် ၃၁ ကြိမ်သာ ရှိခဲ့ပေမဲ့ ၁၄၃ ဦး သေဆုံးပြီး ၅၉၁ ဦးအထိ ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း သေဆုံးသူဦးရေ မြင့်တက်လာမှုဟာ ၂၀၀၀ ခုနှစ်ကနေ ဒီနေ့အထိ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်တွေမှာ သတ္တမမြောက် သေဆုံးမှုအများဆုံးနှစ် အဖြစ်နဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၁ ဟာ ၂၀၀၀ ခုနှစ်ကနေ စတင်ရေတွက် မှတ်တမ်းတင်တဲ့ ပစ်ခတ်မှုကြိမ်ရေ ၄၀ ထက်များတဲ့ မှတ်တမ်းတွေထဲမှာ ထိခိုက်မှု အရေအတွက် အများဆုံးနှစ်လည်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ လက်နက်ကိုင်ဆောင်မှုဥပဒေ အတင်းကျပ်ဆုံးရှိတဲ့ ပြည်နယ်လို့ ဆိုနိုင်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာတောင် မနှစ်က ၂၀၂၁ ခုနှစ်အတွင်း ပစ်ခတ်မှု ၆ ကြိမ် ဖြစ်ခဲ့ပါတယ်။ တက္ကဆက်နဲ့ ဂျော်ဂျီယာပြည်နယ်တွေက ပစ်ခတ်မှု ၅ ကြိမ်စီ ဖြစ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း အသေအပျောက်အများဆုံး ဖြစ်ရပ်ကတော့ ကိုလိုရာဒိုပြည်နယ် ဘိုလ်ဒါမြို့က ကုန်စုံဆိုင်ကြီးတခုမှာ ဖြစ်ခဲ့ပြီး လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။ အင်ဒီယာနာပိုလစ်စ်မြို့က ဖက်ဒ်အိက်ခ်စ် ကုန်စည်ပို့ဆောင်ရေးအလုပ်ရုံ ပစ်ခတ်မှုမှာ လူ ၈ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှု အစီရင်ခံစာမှာပါတဲ့ အကြမ်းဖက်မှုအားလုံးဟာ သေနတ်နဲ့ဆိုင်တဲ့ ပစ်ခတ်တိုက်ခိုက်မှု အားလုံးကို ဆိုလိုတာမဟုတ်ဘဲ ဖြစ်စဉ်တခုချင်းမှာ လူတဦး ဒါမှမဟုတ် လူအနည်းဆုံးအရေအတွက်နဲ့ ပါဝင်တဲ့ ပစ်ခတ်မှုဖြစ်စဉ်တွေကိုသာ ရည်ရွယ်ပါတယ်။

မူးယစ်ဆေးဝါးဂိုဏ်းတွေရဲ့ အချင်းချင်းတိုက်ခိုက်မှု ဒါမှမဟုတ် မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်နေတဲ့ အကြမ်းဖက်မှုတွေ၊ အိမ်တွင်းအငြင်းပွားမှုတွေအနေနဲ့ သတ်မှတ်ထားတဲ့ ဖြစ်ရပ်တွေ၊ သီးခြား ဓားစာခံအခြေအနေတွေနဲ့ တခြားရာဇဝတ်မှုတွေကနေ ပစ်ခတ်မှု ဖြစ်စဉ်တွေကို ဒီအစီရင်ခံစာမှာ ထည့်သွင်းမထားဘူးလို့ အက်ဖ်ဘီအိုင်က ပြောပါတယ်။

//
Up