close

ဂျာမနီတွင် လူစီးရထား တိမ်းမှောက်သဖြင့် ၃ ဦး သေဆုံး

ဂျာမနီနိုင်ငံတောင်ပိုင်းမှာ ဇွန် ၃ ရက်က ဒေသတွင်းပြေးဆွဲတဲ့ လူစီးရထားတစင်း လမ်းချော် တိမ်းမှောက်သွားလို့ လူ ၃ ယောက် သေဆုံးပြီး တော်တော်များများ ဒဏ်ရာရသွားတယ်လို့ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။ 

မြူနစ်မြို့ဆီကို ဦးတည်ခုတ်မောင်းတဲ့ ခရီးသည်တင်ရထားဟာ စကိတ်စီးသမားတွေ၊ နွေရာသီ တောင်တက်သမားတွေ သွားရောက်လေ့ရှိတဲ့ ဂါးမစ် ပက်တန်ကေခင်ခရိုင်ထဲက အပန်းဖြေစခန်းရဲ့ မြောက်ဘက်နားမှာ မတော်တဆဖြစ်သွားတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

လူ ၆၀ လောက် ဒဏ်ရာရသွားတယ်လို့ ဒေသအာဏာပိုင်တယောက်က ပြောတာကို ရိုက်တာ သတင်းမှာ ကိုးကားဖော်ပြပါတယ်။ 

ရထားပေါ်မှာ ကျောင်းသားကျောင်းသူတွေလည်း လိုက်ပါသွားတယ်လို့ ဒေသတွင်း ထုတ်ဝေတဲ့ သတင်းစာတွေမှာ ဖော်ပြကြပါတယ်။ 

အကြီးစား အရေးပေါ်လုပ်ငန်းတွေကို ဆက်လုပ်နေရလို့ ရထားခရီးစဉ်တွေကိုလည်း ယာယီ ရပ်ဆိုင်းထားတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ 

ဂျာမနီမှာ ဇွန် ၁ ရက်ကစလို့ ခရီးသွားလာခွင့်တွေကို တနိုင်ငံလုံးအတိုင်းအတာ ပြန်ဖွင့် ပေးလိုက်တာကြောင့် ရထားနဲ့ ခရီးသွားတဲ့ အရေအတွက်ကလည်း အရင်ထက်ပိုများလာတယ်လို့ သတင်းတွေက ဆိုပါတယ်။

//
Up