close

ဘင်္ဂလားဒေ့ရှ်တွင် မီးလောင်မှုကြောင့် လူ ၄၉ ဦး ထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းက ဓာတုပစ္စည်းတွေထည့်ထားတဲ့ ကုန်သေတ္တာတွေထားတဲ့နေရာမှာ မီးအကြီးအကျယ်လောင်လို့ မီးသတ်သမား ၉ ယောက်အပါအဝင် လူပေါင်း ၄၉ ယောက်ထက်မနည်း သေဆုံးပြီး မီးသတ်သမားတွေနဲ့ ရဲတွေ အပါအဝင် အယောက် ၄၅၀ ကျော် ဒဏ်ရာရတယ်လို့ ဒါကာထရီဗျူး သတင်းမှာဖော်ပြပါတယ်။

မီးဟာ စစ်တကောင်းမြို့အနီး စီတာကါန်ဒါဒေသမှာ ဇွန် ၄ ရက် ညကတည်းက လောင်နေခဲ့ပြီး ပေါက်ကွဲမှုတွေကြောင့်လည်း မီးသတ်သမားတွေက တနင်္ဂနွေ မနက်ထိ မီးငြှိမ်းနေဆဲလို့ မီးသတ်အရာရှိ ဖာရွတ်ခ် ဟူစိန် ရှိခ်ဒါက ပြောပါတယ်။

“ဘာကြောင့် မီးလောင်တယ်ဆိုတာ မသိရသေးပါဘူး။ ဟိုက်ဒြိုဂျင် ပါရောက်ဆိုဒ် ကုန်သေတ္တာ တလုံးကနေစပြီး မီးလောင်တာ ဖြစ်နိုင်တယ်လို့ သံသယရှိပြီး တခြား ကုန်သေတ္တာတွေကို အမြန်ကူးစက်ခဲ့တယ်” လို့ မီးသတ် အရာရှိတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် အနားက အိမ်တွေရဲ့ ပြတင်းပေါက်မှန်တွေ ကွဲထွက် ပြန့်ကျဲကုန်ပြီး ရပ်ကွက်ပါ တုန်သွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဒဏ်ရာရသူတချို့ အသည်းအသန် အခြေအနေမှာ ရှိနေလို့ သေဆုံးသူ အရေအတွက် ပိုတိုးလာနိုင်တယ်လို့ စစ်တကောင်း အရပ်ဘက် ခွဲစိတ် ဆရာဝန် မိုဟမ်မဒ် အီးလီးယပ်စ် ဟူစိန်က ပြောပါတယ်။

//
Up