မအူပင်မြို့တွင် အန်အယ်လ်ဒီ ပါတီဝင်နှင့် ဝန်းရံသူ ၁၇ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ မေလ ၃၁ ရက်မှ ဇွန် ၂ ရက်အထိ ၃ ရက်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင်နဲ့ ဝန်းရံသူ ၁၇ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဧရာဝတီတိုင်း စစ်တိုင်းမှူးရဲ့ တပည့် သတင်းပေးလုပ်နေသူ အင်းသူကြီး နိုင်ဦး အသတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ခုလိုမျိုး အန်အယ်လ်ဒီ ပါတီဝင်တွေနဲ့ ဝန်းရံသူတွေကို ကျေးရွာအထိပါဆင်းပြီး ဖမ်းဆီးတာတွေပြုလုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ရွေးကောက်ပွဲကာလမှာ အန်အယ်လ်ဒီ ပါတီကို ဝန်းရံခဲ့တဲ့သူတွေကို အဓိက ပစ်မှတ်ထားဖမ်းတာ အဲ့နေညပိုင်းမှာ ခွာလေးကျွန်းက အင်းသူကြီးအသတ်ခံရတဲ့ ရွာကပဲ ၄ ယောက်ကိုဆွဲသွားတာ နောက်ရက်တော့ အဲ့ရွာတဝိုက် ကျေးရွာတွေကိုပါ စစ်ကြောင်းထိုးပြီး ဝင်ဆွဲတာ”လို့ ပြောပါတယ်။
ခွာလေးကျွန်းကျေးရွာက စစ်ကောင်စီသတင်းပေး အင်းသူကြီး နိုင်ဦး အသတ်ခံရတာနဲ့ပတ်သက်ပြီး စွပ်စွဲ ဖမ်းဆီးခံရတဲ့ အန်အယ်လ်ဒီ ပါတီဝင်နဲ့ ဝန်းရံသူတွေကို မအူပင်မြို့မရဲစခန်းမှာဖမ်းဆီးထားပြီး စစ်ကောင်စီတပ်သားတွေ ကရိုက်နှက်စစ်ဆေးနေတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူက ပြောပါတယ်။
အင်းသူကြီး နိုင်ဦးဟာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ဇော် အောင်အောင်ရဲ့ တပည့်အရင်း ဖြစ်တာကြောင့် ခုလိုမျိုးဖမ်းဆီးဖို့အတွက် ခရိုင်စစ်ကောင်စီဥက္ကဋ္ဌက ညွှန်ကြားထားတာလို့ ဒေသခံတွေက ပြောဆိုပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီသတင်းပေး အင်းသူကြီး နိုင်ဦးကို မအူပင်မြို့ခံ သေမင်းလက်ရာအဖွဲ့က ရှင်းလင်းခဲ့တာလို့ တာဝန်ရှိသူ ဗိုလ်လက်ဝဲက ဒီဗွီဘီကို ပြောပါတယ်။