close

ဧရာဝတီတိုင်းက ရဲတပ်ဖွဲ့ဝင် ၂၀၀ နီးပါး ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့

ဧရာဝတီတိုင်းအတွင်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂၀၀ နီးပါးကို မေလလည်ပိုင်း ကစတင်ကာ ရခိုင်ပြည်နယ်ကို ရွှေ့ပြောင်းခဲ့တယ်လို့  ရဲတပ်ဖွဲ့အသိုက်အဝန်းက  သိရပါတယ်။ 

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်လာပြီးနောက်ပိုင်း စစ်ကောင်စီက ရဲတွေကို ခုလိုမျိုး အင်အားဖြည့်တင်းဖို့ ရွှေ့ပြောင်းလိုက်တာလို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

“အမြဲတမ်းရှိပါတယ်။ အပြောင်းအရွှေ့ကတော့ တစ်နှစ်ကို အနည်းဆုံး ၂ ကြိမ်လောက် လုပ်ပါတယ်။ ခုကတော့ စစ်ရေးတင်းမာနေတဲ့အချိန်နဲ့ တိုက်ဆိုင်သွားတာပါ။ အမိန့်ထွက်ထားတာ ၁ လလောက် ရှိပါပြီ”လို့ ပြောပါတယ်။ 

ဧရာဝတီတိုင်းကနေ ရခိုင်ကို ရွှေ့ပြောင်းရတဲ့ ရဲတပ်ဖွဲ့ဝင် ၂၀၀ နီးပါးဟာ နယ်ခြားစောင့်စခန်းတွေနဲ့ ရဲတပ်ရင်းတွေမှာ တာဝန်ထမ်းဆောင်ရမှာဖြစ်သလို ပြောင်းရွှေ့ရတဲ့ ရဲတွေကို ဧရာဝတီတိုင်း ရဲရုံးကနေ ရန်ကုန်၊ လှိုင်သာယာမှာရှိတဲ့ အမှတ် ၉ ရဲတပ်ရင်းကို ပို့ဆောင်ကာ အားလုံးစုပြီး လေယာဉ်နဲ့ ရခိုင်ကို ပို့ဆောင်ခဲ့တာလို့ ဆိုပါတယ်။ 

ဧရာဝတီတိုင်းကနေ ရခိုင်ကို ပြောင်းရွှေ့ရတဲ့အထဲမှာ လုပ်သက်အစဉ်လိုက်မဖြစ်တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေအကြား စိတ်ဝမ်းကွဲတာတွေလည်း ရှိနေတယ်လို့ တခြားရဲတပ်ဖွဲ့ဝင်တွေက ပြောဆိုပါတယ်။

//
Up