close

ဗန်းမောက်မြို့နယ်၌ လောင်းကစားဝိုင်းများ ပိုမိုများပြားလာ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ လောင်းကစားဝိုင်းတွေ မပြုလုပ်ဖို့ ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန် ၄ ရက်က တားမြစ်စာထုတ်ထားပေမဲ့ ဆက်လက်ပြုလုပ်နေကြပြီး လောင်းကစားနည်းတွေ၊ ကစားဝိုင်းတွေ ပိုတိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသတွင်းနေထိုင်သူတဦးက “ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာချက် ထုတ်ထားတယ်လို့တော့ သိရတယ်။ ထိရောက်‌အောင် အရေးယူစေချင်တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

ဗန်းမောက်မြို့နယ်အတွင်း ခိုးမှု၊ လုယက်မှု၊ လူသတ်မှု၊ ဓားပြတိုက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူတွေလည်း တနေ့တခြား များလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အသိပေးကြေညာစာထုတ်တဲ့နေ့ကစပြီး ပိတ်သိမ်းရမယ်၊ လိုက်နာဆောင်ရွက်ခြင်းမရှိရင် ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမယ်လို့ ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး ကြေညာထားပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် နေရာဒေသအနှံ့အပြားမှာ ၆ ကောင်ဝိုင်း (ဂလုံး ဂလုံး)၊ ၄ ကောင်ဂျင်၊ ပေါက်စီ၊ ဖဲဝိုင်း၊ ကြက်ဝိုင်း၊ ဘောလုံး၊ နှစ်‌လုံး၊ သုံးလုံး လောင်းကစားနည်းမျိုးစုံကို ဒေသတွင်း သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ ငွေပေးပြီး   ပြုလုပ်နေကြပါတယ်။

//
Up