close

ပိုလန်ပင်လယ်ဆိပ်ကမ်းမြို့သို့ အမေရိကန်စစ်သင်္ဘော ရောက်လာ

အမေရိကန်စစ်သင်္ဘော USS ဂရာဗေလီဟာ ပိုလန်နိုင်ငံမြောက်ပိုင်းက ဘောလ်တစ်ပင်လယ်ဆိပ်ကမ်းမြို့ ဂဒစ်ညာမှာ ဇွန် ၇ ရက်က ကျောက်ချရပ်နားခဲ့ပါတယ်။

အိမ်နီးချင်း ယူကရိန်းနိုင်ငံမှာ စစ်မီးတောက်နေချိန် ပိုလန်ကို ထောက်ခံကြောင်းပြဖို့လို့ အရာရှိတွေက ပြောပါတယ်။

ပိုလန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မာ့ခ်ဘရဒ်ဇင်စကီက “ပိုလန်ပြည်သူတွေ ဘေးကင်းလုံခြုံတယ်၊ ကျနော်တို့က ပိုလန်ပြည်သူတွေနဲ့ အတူရှိနေတယ် ဆိုတဲ့ သတင်းစကားကို ပိုလန်ပြည်သူတွေကို ရှင်းရှင်းလင်းလင်းပေးဖို့ ရည်ရွယ်တယ်” လို့ ဆိပ်ကမ်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျနော်တို့ ခုလို အတူအလုပ်လုပ်သလိုမျိုး ဘယ်တုန်းကမှ မလုပ်ဖူးဘူး။ ခုလို ကျနော်တို့ စုပေါင်းဆောင်ရွက်နေတာကို ပူတင် မုန်းတယ်” လို့ ဘရဒ်ဇင်စကီက ဆက်ပြောပါတယ်။

သင်္ဘောဟာ ဘောလ်တစ်ပင်လယ်ကို လှည့်ပတ်ခုတ်မောင်းရင်း ပြီးခဲ့တဲ့  ဧပြီလက လစ်သူယေးနီးယားမှာ ဆိုက်ကပ်ခဲ့ဖူးပါတယ်။

ရုရှားဟာ ယူကရိန်းနိုင်ငံကို ဖေဖော်ဝါရီ ၂၄ ရက်က ကျူးကျော်ဝင်ရောက်လာချိန်ကစပြီး ယူကရိန်းအတွက် စစ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးရာမှာ ပိုလန်ဟာ အဓိကအခန်းကဏ္ဍက ပါပါတယ်။

ဧပြီလအထိ ယူကရိန်းနိုင်ငံကနေ ပြည်သူ ၅ ဒသမ ၀၃ သန်း ထွက်ပြေးခဲ့တယ်လို့ ကုလသမဂ္ဂ အချက်အလက်တွေက ဆိုပါတယ်။ ဒုက္ခသည် ထက်ဝက်ကျော်ဟာ ပိုလန်ကတဆင့် ဥရောပသမဂ္ဂဆီ ဝင်ရောက်လာခဲ့ကြပါတယ်။

//
Up