close

ဒီးမော့ဆိုတွင် တိုက်ပွဲဖြစ်၊ စစ်တပ်က ပစ်ခတ်သည့်လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဇွန် ၈ ရက်က စစ်ကောင်စီတပ်သားတွေနဲ့ ကင်းလှည့်နေတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDFတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး ကရင်နီ ရဲဘော်၂ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။

ဇွန် ၈ ရက် မနက် ၆ နာရီဝန်းကျင်လောက်က နယ်မြေရှင်းလင်းရေးလုပ်ရင်း ကင်းလှည့်နေတဲ့ KNDF တပ်ရင်း ၉ က ရဲဘော်တွေကို   စံပြ ၆ မိုင် အနီးဓမ္မာရုံမှာ ကင်းပုန်းဝပ်နေတဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး လက်နက်ငယ်နဲ့ စတင်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားပြီး KNDF တပ်ရင်း ၉ ဘက်က RPG နဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ 

KNDF တပ်ရင်း ၉ မှ တာဝန်ရှိသူ တစ်ဦးက "စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဓမ္မာရုံနားကို ရောက်နေတာ မသိလိုက်ဘူး။ ကျနော်တို့ရဲဘော်တွေကို တွေ့တာနဲ့ စပစ်တာပါ။ တိုက်ပွဲက ၃ နာရီကျော်ကြာ ပြင်းထန်ခဲ့ပါတယ်။ မနက် ၁၁ နာရီ အချိန်လောက်က စံပြ ၆ မိုင် အုပ်စုထဲက လူတွေရှိနေတဲ့ ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်လို့ အဘွားအိုတယောက် လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ပါတယ်။ ည ၇ နာရီအထိ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဇွန် ၆ ရက် မနက် ၁၁ နာရီလောက်ကလည်း  ဒီးမော့ဆိုမြို့ ခြောက်မိုင်အုပ်စု မှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF -B09 နယ်မြေအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၁၀၀ ဝန်းကျင်ရောက်လာပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  KNDF -B 09 ကထုတ်ပြန်ပါတယ်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်မှ တာဝန်ရှိသူ တစ်ဦးက "တပ်ရင်းက ရဲဘော်တွေက နယ်မြေရှင်းလင်းရေးလုပ်ရင်း ကင်းထောက်သွားတဲ့အချိန် ထိတွေ့ တိုက်ပွဲဖြစ်ပွားတာပါ။ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး ရဲဘော်တစ်ဦး ဒဏ်ရာရသွားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄ ဦးထက်မနည်း ဒဏ်ရာ ရသွားပြီး သေဆုံးမှု ရှိနိုင်တယ်လို့ ဒီဗွီဘီပြောပါတယ်။

တိုက်ပွဲအတွင်း ဒဏ်ရာရသွားတဲ့ ရဲဘော်ကို အချိန်မှီ ကယ်ထုတ်ခဲ့နိုင်ပြီး လက်ရှိအချိန်မှာ ဆေးဝါးကုသမှုပေးတာကြောင့် ဒဏ်ရာမှာမစိုးရိမ်ရတော့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဇွန်လ ၄ ရက်နေ့  နဲ့ ၅ ရက်နေ့ကလည်း ဒီးမောဆိုမြို့နယ် စံပြခြောက်မိုင် အုပ်စုအတွင်း စစ်ကောင်စီဖွဲ့ဝင်တွေက စစ်ကြောင်းထိုးလာလို့ ကရင်နီအမျိုးသာကွယ်ရေးတပ် KNDF B-09 မှ ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးသူ အများအပြားရှိနိုင်ပြီး KNDF တပ်ရင်း ၉ မှ ရဲဘော် ၃ ဦး နဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

//
Up