close

ထိုင်းတွင် ဆေးခြောက်သုံးစွဲခွင့်ပြုလိုက်သော်လည်း ကန့်သတ်ချက်အချို့ဆက်ရှိမည်ဟု ရဲတပ်ဖွဲ့ပြော

ထိုင်းနိုင်ငံမှာ ဇွန် ၉ ရက် ဒီနေ့ကစပြီး ဆေးခြောက်ကိုမူးယစ်ဆေးဝါးစာရင်းမှ ပယ်ဖျက်လိုက်ကာ လွတ်လပ်စွာစိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချ၊ သုံးစွဲခွင့်ပြုလိုက်ပေမယ့် ကန့်သတ်ချက်တချို့ ရှိသေးတယ်လို့  ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ဆေးခြောက်ဆိုင်ရာ ဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ လောလောဆယ်ဝန်ကြီးများ အစည်းအဝေးမှာ ဆွေးနွေးနေဆဲမို့  ထုတ်ပြန်နိုင်ခြင်းမရှိပေမဲ့ တည်ဆဲဥပဒေနဲ့  ငြိစွန်းဖွယ်အချက်တွေ သတိထားရဦးမယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ်အင်ခဖိုင်ရို့ချ်က သတင်းထောက်တွေကို ပြောပါတယ်။ 

အဲဒါကတော့ ဆေးခြောက်ကနေ ထုတ်လုပ်ထားတဲ့ အရာတွေဟာ အာနိသင် THC 0.2 ရာခိုင်နှုန်းထက်ပမာဏပိုများတယ်ဆိုရင်တော့ မူးယစ်ဆေးဝါးထဲအကျုံးဝင်နေဆဲမို့ ပြစ်ဒဏ်ကျနိုင်တယ်လို့ ဆိုပါတယ်။

ဆေးခြောက်ကနေ စားသောက်ကုန်၊ ဆေးဝါးတွေ ထုတ်လုပ်မယ်ဆိုရင်လည်း သက်ဆိုင်ရာ အစားအစာနဲ့ဆေးဝါးဌာနမှာ မှတ်ပုံတင်ပြီး ခွင့်ပြုချက် ထောက်ခံစာ ပါရှိရမယ်လို့ ဆိုပါတယ်။ 

ဆေးခြောက်ကို လွတ်လပ်စွာရှူရှိုက်သုံးစွဲလို့ရပေမဲ့  သုံးစွဲမှုကြောင့် အများပြည်သူကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ရင် ၁၉၉၂ ကထုတ်ပြန်ထားတဲ့ ဥပ‌ဒေအရ ၃ လထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၂၅၀၀၀ ထက်မပိုတဲ့ ငွေဒဏ်ကျခံရ နိုင်တယ်လို့ ဆိုပါတယ်။ 

ဆေးခြောက်ကို မူးယစ်ဆေးအဖြစ်မှကင်းလွတ်လိုက်တဲ့အတွက် အရင်က ဆေးခြောက်မှုနဲ့ ထောင်ကျနေရတဲ့အကျဉ်းသားပေါင်း ၄၀၇၅ ဦး ရှိပေမယ့်လည်း အဲဒီထဲက ၃၀၇၇ ဦးသာ လွတ်မြောက်လာမှာဖြစ်ပြီး ကျန်သူတွေကတော့ တခြားပြစ်မှုတွေနဲ့တွဲပြီးကျူးလွန်ထားလို့ ဆက်ပြီးပြစ်ဒဏ်ခံယူရဦးမှာဖြစ်တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ပြောသွားပါတယ်။

ဆေးခြောက်ကို မသုံးစွဲဖူးတဲ့သူတွေအနေနဲ့ ရုတ်တရက်ကြီး အလွန်အကျွံမသုံးသင့်ကြောင်း၊ ဆေးခြောက်နဲ့မတည့်လို့ ဆေးရုံကိုရောက်လာတဲ့ လူနာတွေလည်းရှိနေတယ်လို့ ချန်နယ်လ် ၇ ထိုင်းသတင်းမှာ သတိပေးဖော်ပြထားပါတယ်။ 

ကိုးကား- ChiangMaiNews

//
Up