နေတိုးတပ်ဖွဲ့ဝင်များ လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်

နေတိုးတပ်ဖွဲ့တွေဟာ လေယာဉ်၊ ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို တုံ့ပြန်နိုင်ရေး အဆင်သင့်ဖြစ်မှုကို စမ်းသပ်ဖို့အတွက် ပိုလန်မှာ ဇွန် ၉ ရက်က လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်ခဲ့ပါတယ်။
Ramstein Legacy 2022 (RALY 22) လို့အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်းဖြစ်တဲ့ အဲဒီလေ့ကျင့်မှုမှာ ဘောလ်တစ်ပင်လယ်က ဒရုန်းပစ်မှတ်တွေကို ပစ်မှတ်ထားဖို့ ရည်ရွယ်ပြီး ဒုံးကျည်အစစ်တွေကို အသုံးပြုခဲ့ပါတယ်။
ပိုလန်၊ ချက်သမ္မတနိုင်ငံ၊ စလိုဗက်ကီးယားနဲ့ ဗြိတိန်တို့ကလည်း သူတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကို ပြသခဲ့ကြပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုမှာ နေတိုးမဟာမိတ်တွေနဲ့ မိတ်ဘက်နိုင်ငံ ၁၇ နိုင်ငံ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။
ဗြိတိသျှတပ်တွေ အသုံးပြုသွားတဲ့ စနစ်တွေထဲက တခုဟာ Starstreak ဆိုတဲ့ လက်နက်ဖြစ်ပြီး ရုရှားနိုင်ငံရဲ့ ကျူးကျော်စစ်အပြီးမှာ စစ်ရေးအကူအညီ အစိတ်အပိုင်းအဖြစ် ယူကရိန်းကို ပေးအပ်ခဲ့တယ်လို့ ဗြိတိန်က ပြောကြားခဲ့ပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်မှုကြောင့် နေတိုးနိုင်ငံတွေရဲ့ နယ်နိမိတ်တွေအနီးမှာ ဒုံးကျည်တွေ၊ တိုက်လေယာဉ်တွေနဲ့ မောင်းသူမဲ့ လေကြောင်းယာဉ်တွေကို တိုးမြှင့်ချထားတယ်လို့ နေတိုးရဲ့ မဟာမိတ် လေတပ်ကွပ်ကဲမှုအဖွဲ့ရဲ့ လက်ထောက်တပ်မှူး ပါစ်ကယ် ဒီလာ့စ်က ပြောပါတယ်။
ဒါဟာ ဝေဟင်နဲ့ ဒုံးကျည် ရှုထောင့်ကနေဆို အန္တရာယ်နဲ့ ခြိမ်းခြောက်မှုကို တိုးစေပြီး နေတိုးတပ်ဖွဲ့တွေအတွက် ဒီလိုအန္တရာယ်တွေကို ရင်ဆိုင်ဖို့အတွက် လေ့ကျင့်ရေးက အရေးကြီးတယ်လို့လည်း ဆိုပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့တဲ့ ဗြိတိန်တပ်ဖွဲ့ဝင်တွေဟာ ဆိုဗီယက်လုပ် တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေအပြင် ခရီးသည်တင် လေယာဉ်ငယ်တွေနဲ့ ပစ်မှတ်အမျိုးမျိုးကို ပစ်ခတ်လေ့ကျင့်ခဲ့တယ်လို့ သူတို့က ပြောပြပါတယ်။
အက်စ်တိုးနီးယားကနေ ပိုလန်အထိ ဘောလ်တစ်တလျှောက် အခြေစိုက်တဲ့ တပ်ဖွဲ့ယူနစ်တွေဟာ ဇွန် ၁၀ ရက်မှာ အပြီးသတ်မယ့် RALY 22 လေ့ကျင့်ခန်းမှာ ပါဝင် လေ့ကျင့်နေကြပါတယ်။