အိုင်အက်စ် အကြီးတန်းခေါင်းဆောင်တဦးကို ဖမ်းဆီးထားဟု အမေရိကန်ပြော

ဂျီဟတ်ဝါဒီအဖွဲ့ဝင်တွေကို ပစ်မှတ်ထား စီးနင်းတိုက်ခိုက်တဲ့ စစ်ဆင်ရေးတခုအတွင်း ဆီးရီးယားရှိ အိုင်အက်စ်အဖွဲ့ အကြီးတန်းခေါင်းဆောင်တယောက်ကို ဇွန် ၁၆ ရက် မနက်အစောပိုင်းက ဖမ်းဆီးခဲ့တယ်လို့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။
ဂျီဟတ်ဝါဒီတွေဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က စစ်မြေပြင်မှာ ရှုံးနိမ့်ခဲ့ပြီးကတည်းက သောင်းကျန်းသူအဖွဲ့အဖြစ် တိုက်ခိုက်နေခဲ့တာပါ။
ဖမ်းဆီးခံထားရသူဟာ အတွေ့အကြုံရင့် ဗုံးထုတ်လုပ်သူလည်းဖြစ်ပြီး ဆီးရီးယား ထိပ်တန်းခေါင်းဆောင်တွေထဲက တယောက်ဖြစ်လာတဲ့ စည်းရုံးရေးမှူးလည်းဖြစ်တယ်လို့ အကဲဖြတ်ထားကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်းမှာ အရပ်သားတွေ ထိခိုက်မှုမရှိခဲ့သလို လေယာဉ်လည်း မပျက်စီးခဲ့ကြောင်း သိရပါတယ်။
အိမ်ဖြူတော်က အဲဒီအစီရင်ခံစာကို အတည်ပြုခဲ့ပေမဲ့ စီးနင်းမှုဟာ ဆီးရီးယားရဲ့ ဘယ်နေရာအစိတ်အပိုင်း ဖြစ်တယ်ဆိုတာ အိမ်ဖြူတော်ရော ညွန့်ပေါင်းအဖွဲ့ကရော မဖော်ပြခဲ့ပါဘူး။
တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားသူပုန်အုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူက ဇွန် ၁၆ ရက် အစောပိုင်းက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ရာမှာ မဟာမိတ်တပ်ဖွဲ့တွေဟာ တူရကီနယ်စပ်ရဲ့ တောင်ဘက်ရှိ Al-Humaira ရွာမှာ ရဟတ်ယာဉ်နဲ့ စီးနင်းတိုက်ခိုက်မှု လုပ်ခဲ့ပြီး အဲဒီဒေသမှာ ပထမဆုံး စစ်ဆင်ရေးအမျိုးအစားလို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးမှာ အမေရိကန်လုပ် Chinook နဲ့ Black Hawk ရဟတ်ယာဉ်တွေ ပါဝင်ပြီး အခြေအနေ အတိအကျ မသိရသေးဘူးလို့ တူရကီကျောထောက်နောက်ခံပြု ဆီးရီးယား အမျိုးသားတပ်မတော် (SNA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ယိုဆက်ဖ် ဟာမွဒ်က ပြောပါတယ်။
ဒါဟာ SNA ရဲ့ ထိန်းချုပ်မှုအောက်ရှိ ဒေသတွေထဲ အမေရိကန်ရဟတ်ယာဉ် ဆင်းသက်တဲ့ ပထမဆုံးစစ်ဆင်ရေး ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း အဲဒီဒေသရှိ သူပုန်တွေနဲ့ အဆက်အသွယ်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။
အမေရိကန် အထူးတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီလတုန်းက ဂျီဟတ်ဝါဒီ ဟာယက် တာရီယာ အလ်ရှမ် (HTS) ထိန်းချုပ်ထားတဲ့ ဆီးရီးယားနိုင်ငံ အိဒ်လစ်ဘ်ပြည်နယ်မှာ ရဟတ်ယာဉ်စီးနင်းမှု ပြုလုပ်ခဲ့ပြီး IS အဖွဲ့ခေါင်းဆောင် အဘူ အီဘရာဟင် အယ်လ်ဟာရှေမီ အလ်ကူရေရှီ သေဆုံးခဲ့ပါတယ်။