ပီရူးတွင် ရှီလွန်မြစ်ရေညစ်ညမ်းမှုကြောင့် နစ်နာခဲ့သည့် ငါးမွေးမြူရေးသမားများကို လျော်ကြေး ပေးမည်

ပီရူးနိုင်ငံမှာ ကုန်တင်ကားတိမ်းမှောက်ပြီး ဓာတုပစ္စည်းတွေတန်နဲ့ချီပြီး ရှီလွန်မြစ်ထဲကျခဲ့လို့ ရေထုညစ်ညမ်းမှုဒဏ်ခံနေရတဲ့ ဒေသခံငါးမွေးမြူရေးသမားတွေအတွက် ဆုံးရှုံးမှုတွေ တန်ဖိုးဖြတ်ပြီးသွားရင် နစ်နာတဲ့လျော်ကြေး ပြန်ပေးသွားမယ်လို့ ပီရူးရဲ့ပတ်ဝန်းကျင်ရေးရာဝန်ကြီး မိုဒက်စ်တို မွန်တိုယာက ဇွန် ၁၆ ရက် ပြောပါတယ်။
ဇွန်လ ၁၃ ရက်က Zinc သတ္တုမှုန့် ၃၅ တန်လောက်ကို သယ်ဆောင်လာတဲ့ ကုန်တင်ကားတစီး ရှီလွန်မြစ်ထဲတိမ်းမှောက်သွားခဲ့တာကြောင့် မြစ်ရေညစ်ညမ်းသွားပြီး ထရောက် trout ရေချိုငါးတွေ ထောင်နဲ့ချီပြီး သေကုန်တာလို့ ကာရာဘိုင့်လိုစည်ပင်ဌာနရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ မန်နေဂျာ ရော်နဲလ်ယက်ဖှာဆင်က ပြောပါတယ်။
ပီရူဝန်ကြီး မွန်တိုယာကလည်း အဲဒီဒေသကိုသွားရောက်ခဲ့ပြီး မြစ်သတ္တဝါတွေ ထိခိုက်ရပုံတွေကို ကြည့်ရှုခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ လူသေဆုံးမှု မရှိပေမဲ့ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ကုန်တင်ကားပိုင်ရှင် ကုမ္ပဏီအနေနဲ့ ငါးဖမ်းလုပ်ငန်းရှင်တွေကို လျော်ကြေးပေးရလိမ့်မှာဖြစ်ကြောင်း ဝန်ကြီးပြောပါတယ်။
ဒေသခံငါးမွေးမြူသူတွေကတော့ အခုရာသီမှာ မွေးထားတဲ့ငါးတွေနဲ့ လာမယ့်ရာသီမှာ မွေးမယ့် ငါး တွေမှာ အဆိပ်သင့်ကုန်မှာ စိုးရိမ်နေကြပါတယ်။