close

တောင်ကိုရီးယားတွင် မျောက်ကျောက်ဗိုင်းရပ်စ်ပိုး တွေ့ရှိ

တောင်ကိုရီးယားဟာ သူ့နိုင်ငံရဲ့ ပထမဆုံး မျောက်ကျောက်ဗိုင်းရပ်စ်ပိုး တွေ့ရှိမှုကို ဇွန် ၂၂ ရက်မှာ အတည်ပြုလိုက်ပြီး စောင့်ကြည့်တာနဲ့ တုံ့ပြန်မှုစနစ်တွေကိုလည်း အားကောင်းစေမှာဖြစ်ကြောင်း ကတိပြုလိုက်သလို ကူးစက်ရောဂါအတွက် သတိပေးချက်အဆင့်ကိုလည်း မြှင့်တင်လိုက်ပါတယ်။

ဇွန် ၂၁ ရက် နေ့လယ်ပိုင်းက ဂျာမနီနိုင်ငံကနေ ဝင်ရောက်လာပြီး  အင်ချွန်းဆေးဘက်ဆိုင်ရာစင်တာမှာ ဆေးကုသမှု ခံယူနေတဲ့ တောင်ကိုရီးယားပြည်သူ တယောက်မှာ ရောဂါလက္ခဏာတွေ ပြသလာတာဖြစ်ကြောင်း ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးအေဂျင်စီ (KDCA) က ပြောပါတယ်။ တဦးချင်းရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မဖော်ပြထားပါဘူး။

အေဂျင်စီဟာ ကူးစက်ရောဂါအတွက် သတိပေးချက်အဆင့်ကို နိုင်ငံရဲ့ အဆင့်လေးဆင့်ထဲက ဒုတိယအဆင့် "သတိထားရမယ့်အဆင့်" အဖြစ် မြှင့်တင်ခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှုကို အတည်ပြုခဲ့ပါတယ်။

အားကောင်းတဲ့ သီးသန့် ကွာရန်တင်းထားရှိဖို့ စီမံခန့်ခွဲမှုလိုအပ်တဲ့ ဧရိယာသတ်မှတ်တာတွေလုပ်ပြီး စောင့်ကြည့်မှုကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ကာ အဓိကအားဖြင့် မျောက်ကျောက်ရောဂါ မကြာခဏ ဖြစ်ပွားတတ်တဲ့ နိုင်ငံတွေက လူတွေအကြားမှာ သေချာစောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

ဇွန်လအစောပိုင်းမှာ တောင်ကိုရီးယားနိုင်ငံဟာ သူ့ရဲ့ အဆင့် ၄ ခုရှိ ကျန်းမာရေးစနစ်အရ ကိုဗစ်-၁၉၊ ကာလဝမ်းရောဂါနဲ့ ရေကျောက် အပါအဝင် ကူးစက်ရောဂါ ၂၂ မျိုးကို အမျိုးအစားတခုတည်းမှာ ထည့်သွင်းထားပြီး မျောက်ကျောက်ရောဂါကိုလည်း ဒုတိယအဆင့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ထားပါတယ်။

//
Up