close

ရခိုင်တွင် စစ်ကောင်စီက ဖမ်းဆီးထားသူ ၄၅ ဦးရှိပြီး အသက်မပြည့်သေးသူ ၅ ဦးပါဝင်

ရခိုင်ပြည်နယ်က မြို့နယ်လေးခုမှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ အရပ်သား ၄၅ ဦးအထိရှိပြီး အသက်မပြည့်သေးသူ ၅ ဦးအထိ ပါဝင်နေတယ်လို့ ရက္ခိုင်တပ်တော်(အေအေ)ကထုတ်ပြန်ထားပါတယ်။ 

ဖမ်းဆီးခံထားရသူတွေမှာ ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့နယ်က ၂၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်က ၈ ဦး၊ ကျောက်တော်မြို့နယ်က ၇ ဦးနဲ့ မြောက်ဦးမြို့နယ်က ၉ ဦးတို့ဖြစ်ကြပြီး ဇွန် ၁၆ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့အထိ ၈ ရက်အတွင်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အသက်မပြည့်သေးတဲ့ လူငယ် ၅ ဦးမှာ စစ်တွေမြို့နယ်က သုံးဦး၊ ပုဏ္ဏားကျွန်းမြို့နယ်က တဦးနဲ့ မြောက်ဦးမြို့နယ်က တဦးတို့ဖြစ်ကြပါတယ်။

အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ဖမ်းဆီးထားတာက ကလေးသူငယ်ဥပဒေနဲ့ ငြိစွန်းသလို အပြည်ပြည်ဆိုင်ရာ လူအခွင့်ရေးကြေညာစာတမ်းနဲ့လည်း ငြိစွန်းနေတယ်လို့ ရခိုင်လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။

"ဖမ်းဆီးခံထားရသူတွေထဲမှာ ကလေးသူငယ်တွေ ပါဝင်နေတာက ကလေးသူငယ်ဥပဒေနဲ့လည်း ငြိစွန်းမှုတွေရှိတယ်။ နောက်အပြည်ပြည်ဆိုင်ရာ လူအခွင့်ရေးကြေညာစာတမ်း အပိုဒ် ၉ မှာပါတဲ့ မတရားဖမ်းဆီးချုပ်နှောင်မှုတွေ မလုပ်ရဆိုပြီးပါတယ်။ အဲဒါနဲ့လည်း ငြိစွန်းမှုတွေရှိတယ်။ အဲဒါကြောင့် ဒီဟာက လူအခွင့်ရေးကို ပေါ်ပေါ်တင်းတင်း ကျူးလွန်းတယ်လို့ ပြောချင်တယ်" လို့ ပြောပါတယ်။

ဒ့ါအပြင် ဖမ်းဆီးခံထားရသူတွေထဲမှာ ဘာသာရေးခေါင်းဆောင် ဗလီဆရာတဦးနဲ့ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတဦးအပါဝင် နယ်ပယ်ပေါင်းစုံက ပြည်သူတွေ ပါဝင်ကြပါတယ်။

ကျောက်ဖြူမြို့နယ်က ဒေသခံ ၄ ဦးကိုလည်း ရက္ခိုင့်တပ်တော်(အေအေ)နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။ 

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ရေကြောင်း၊ ကုန်ကြောင်းလမ်းတွေကို ပိတ်ဆို့တင်းကျပ် စစ်ဆေးနေတာကြောင့် ရခိုင်ပြည်သူတွေကြား စိုးရိမ်နေကြပါတယ်။

//
Up