ယူကရိန်းကုန်တိုက်ကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရုရှား ငြင်းဆို

ယူကရိန်းနိုင်ငံ၊ ကရီမန်ချတ်မြို့ရှိ ကုန်တိုက်တခုကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာ မဟုတ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၂၈ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။
သိမ်းဆည်းထားတဲ့ ခဲယမ်းမီးကျောက်တွေကို ဖောက်ခွဲလိုက်တာကနေ လက်နက်သိုလှောင်ရုံရဲ့ အနီးနားက လုပ်ငန်းလည်ပတ်မှုမရှိတဲ့ ဈေးဝယ်စင်တာတခုမှာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီဂေါ ကိုနာရှန်ကော့ဗ်က ရှင်းလင်းပြောကြားခဲ့တာပါ။
ယူကရိန်းကတော့ စျေးဝယ်စင်တာကို ရုရှားဒုံးကျည်တွေ တိုက်ရိုက်ထိမှန်ခဲ့ပြီး ပစ်ခတ်ချိန်မှာ လူ ၁,၀၀၀ လောက် အတွင်းမှာရှိနေပြီး လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ပြောထားပါတယ်။
ဇွန် ၂၈ ရက်မှာတော့ အသက်ရှင်ကျန်သူတွေနဲ့ ရုပ်အလောင်းတွေ ပြန်ရနိုင်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်ဆောင်နေပြီး ဒါဇင်နဲ့ချီတဲ့ ဒဏ်ရာရသူတွေကို ဆေးရုံတင်ထားရပါတယ်။
ဒီရက်ပိုင်းအတွင်း ရုရှားရဲ့တိုက်ခိုက်မှုတွေ သိသိသာသာများလာကြောင်း ယူကရိန်းက အစီရင်ခံထားပါတယ်။
ရုရှားက အရပ်သားတွေကို ပစ်မှတ်ထားပြီး ဈေးဝယ်စင်တာကို ရည်ရွယ်ချက်ရှိရှိနဲ့ ဝင်တိုက်တဲ့ ကိစ္စအပေါ် ရုရှားရဲ့ ငြင်းဆိုပြောကြားချက်ကိုရော ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ အခိုင်အမာ ပြောကြားချက်တွေကိုပါ ရိုက်တာသတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။
ဇွန် ၂၇ ရက်က ကရီမန်ချတ်မြို့မှ ပထမဆုံး အသေအပျောက်သတင်းတွေထွက်လာပြီး နာရီပိုင်းအကြာမှာ ကုလသမဂ္ဂဆိုင်ရာရုရှားလက်ထောက်သံအမတ် ဒီမစ်ထရီပိုလီရန်စကီးက ယူကရိန်းဟာ ဇွန် ၂၈ ရက်မှ ၃၀ ရက်အထိ နေတိုးစစ်မဟာမိတ်အဖွဲ့ ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာ စာနာသနားမှုရအောင် ဒီဖြစ်ရပ်ကို အခွင့်ကောင်းယူနေတာလို့ စွပ်စွဲလိုက်ပြီး ကိယက်ဗ်ရဲ့ပြောကြားချက်နဲ့ သိသာတဲ့ကွဲလွဲချက်တွေ ရှိနေတယ်လို့ ပြောပါတယ်။
ရုရှားဟာ ယူကရိန်းကို လေးလကြာ ထိုးစစ်ဆင်နေချိန်အတွင်း အရပ်သား နယ်မြေဒေသတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကို အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။