ကျောက်တော်တွင် နွားကျောင်းနေသည့် အမျိုးသား ၁ ဦး မြေမြှုပ်မိုင်းထိမှန်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ အရပ်သားတယောက် ဇူလိုင် ၁ ရက်က မြေမြှုပ်မိုင်းထိကာ ညာဘက် ခြေတဖက်ပြတ်သွားတယ်လို့ ဒေသခံထံက သိရပါတယ်။
မိုင်းထိသွားသူဟာ ဝက်မှိုင်းကျေးရွာသား အသက် ၄၅ နှစ်အရွယ် ဦးသန်းစိန်မောင်ဖြစ်ပြီး မနေ့ နေ့လယ်ပိုင်းက နွားကျောင်းနေစဥ် ကျောက်တော်အခြေစိုက် ခမရ(၃၇၅) အနီးမှာ မြေမြှုပ်မိုင်း ထိသွားတာလို့ ကျေးရွာသားတွေက ပြောပါတယ်။
ကျေးရွာသားတစ်ဦးက “ နေလယ်ပိုင်း ၁၂ နာရီလောက်က ဖြစ်တယ်။ နွားကျောင်းနေကြတာ အဲဒီမှာနွားက ခမရ(၃၇၅)အနီးရောက်သွားတော့ လိုက်သွားချိန်မှာ မိုင်းထိသွားတာ။ ညာဘက်ခြေက လုံးဝပြတ်သွားတယ်။ တခြား ခန္ဓာကိုယ်မှာလည်း ဒဏ်ရာ အနည်းငယ်ရသွားတယ်။ မိုင်းထိထိချင်းသူကို ဆေးကုသဖို့ ချက်ချင်းယူခွင့် မရဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူး လက်မှတ်ပါမှ ရမယ်ပြောတော့ အချိန်ကြန့်ကြာမှုတွေရှိတယ်။ အခုတော့ ကျောက်တော်မြို့ ဆေးရုံကနေ စစ်တွေ ဆေးရုံကြီးကို ပို့ဆောင်ဖို့ လုပ်နေကြတယ်"လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ အတွင်းက မြေပုံ၊ ရသေ့တောင်နဲ့ ပလက်ဝမြို့နယ်မှာလည်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် လူ တယောက်သေဆုံးပြီး ငါးယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှု ၁၀ ကြိမ်ထက်မနည်းရှိပြီး စစ်ဘေးရှောင်တွေအပါအဝင် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ အယောက် ၂၀ လောက် ရှိခဲ့ပါတယ်။