ခရိုအေးရှားကို ယူရိုငွေကြေးသုံးမည့်နိုင်ငံအဖြစ် အီးယူ အတည်ပြု

ဥရောပသမဂ္ဂ ဘဏ္ဍာရေးဝန်ကြီးတွေဟာ ခရိုအေးရှားနိုင်ငံကို ၂၀၂၃ ခုနှစ်အစမှာ ယူရိုငွေကြေးသုံးမယ့်နိုင်ငံ ၂၀ မြောက်နိုင်ငံအဖြစ် ဇူလိုင် ၁၂ ရက်မှာ တရားဝင် အတည်ပြု လိုက်ပါတယ်။
ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင် ၂၇ နိုင်ငံပါတဲ့ ဥရောပကောင်စီက ၂၀၁၃ ခုနှစ်တည်းက ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်နေတဲ့ ခရိုအေးရှားကို ယူရိုဇုန်ဝင်ခွင့်ပြုဖို့ လိုအပ်ချက် ဥပဒေ ၃ ရပ်ကို ချမှတ်ခဲ့ပါတယ်။
အက်ဥပဒေတရပ်ထဲမှာ ငွေလဲလှယ်နှုန်းကို တယူရိုအတွက် ခရိုအေးရှားငွေ ကူနာ ၇ ဒသမ ၅၃၄၅၀ အဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့ပါတယ်။
ခုချိန်မှာ ခရိုအေးရှားဟာ ငွေကြေးလဲလှယ်မှုအတွက် လက်တွေ့လုပ်ဆောင်ချက်တွေကို ပြင်ဆင်ဖို့ အချိန်နည်းနည်း ရှိနေပါပြီ။
ယူရိုငွေကို လက်ခံကျင့်သုံးဖို့ ခရိုအေးရှားဟာ စျေးနှုန်းနဲ့ ငွေလဲနှုန်း တည်ငြိမ်မှုဆိုင်ရာ စံနှုန်းတွေကို ဖြည့်ဆည်းရမှာဖြစ်သလို ကောင်းမွန်တဲ့ ပြည်သူ့ဘဏ္ဍာငွေနဲ့ သင့်တင့်တဲ့ ရေရှည်အတိုးနှုန်းတွေကို အီးယူစံနှုန်းတွေနဲ့ တိုင်းတာ သတ်မှတ်ရမှာပါ။
ငွေပေးချေမှုလမ်းကြောင်းတွေ ဟန်ချက်ညီမှု၊ လုပ်အားနဲ့ ငွေကြေးဈေးကွက်တွေ ပေါင်းစပ်မှု အပါအဝင် ယူရိုဇုန်နဲ့ ခရိုအေးရှားရဲ့ စီးပွားရေးပေါင်းစပ်မှုတွေကိုလည်း ဥရောပကော်မရှင်က စစ်ဆေးခဲ့ပါတယ်။
ခရိုအေးရှားဥပဒေက ဥရောပဗဟိုဘဏ်ကို အုပ်ချုပ်တဲ့ အီးယူရဲ့ ဥပဒေတွေနဲ့ ကိုက်ညီမှုရှိမရှိ စစ်ဆေးခဲ့ပါတယ်။
ဥရောပအရှေ့တောင်ပိုင်းက ခရိုအေးရှားနိုင်ငံဟာ ဖက်ဒရယ်ယူဂိုဆလားဗီးယားကနေ ၁၉၉၁ ခုနှစ်ကတည်းက လွတ်လပ်ရေးရခဲ့တာပါ။
ယူဂိုဆလပ်သမ္မတနိုင်ငံနဲ့ အခု အီးယူအဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အိမ်နီးချင်း စလိုဗေးနီးယား နိုင်ငံတွေဟာ ယူရိုငွေကို ၂၀၀၇ ခုနှစ်မှာ လက်ခံကျင့်သုံးခဲ့ပါတယ်။
ယူရိုငွေကို လက်ခံကျင့်သုံးတာဟာ အပြိုင်အဆိုင်တရပ် မဟုတ်ပေမဲ့ တာဝန်သိတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တရပ်ပဲလို့ ဥရောပသမဂ္ဂရဲ့ လက်ရှိ ခြောက်လ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နေတဲ့ ချက်သမ္မတနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဇဘစ်ညက် စတန်နူရာက ပြောခဲ့ပါတယ်။