close

မူဆယ်မြို့ထဲက စားသောက်ဆိုင် ၁ ဆိုင်တွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ - တရုတ်နယ်စပ်၊ မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ ဟိုဆောင်ရပ်မှာ ကနေ့ ဇူလိုင်လ ၁၅ ရက် မနက်ပိုင်းက အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦး သေနတ်နဲ့ အနီးကပ် ပစ်သတ်ခံခဲ့ ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"မနက် ၉ နာရီဝန်းကျင်က ဖြစ်တာ။ အနောက်ကနေ တစ်ချက်တည်းပစ်တာ။ ​တော်ရွက် ရပ်ကွက် ဟို​ဆောင်မင်္ဂလာမူဆယ် နဲ့ နီးတယ်။" လို့ ‌မြို့ခံ ၁ ဦးက ပြောပါတယ်။ 

ပစ်သတ်ခံရသူမှာ အသက် ၃၃ နှစ်အရွယ်ရှိ အိုက်ပီး ဆိုသူဖြစ်ပြီး တရုတ်နိုင်ငံမှ မကြာသေးခင်က တရုတ်ဘက်က ပြန်လာသူဖြစ်ကာ မူဆယ်မြို့နယ်၊ နမ့်ခမ်း တဖက်ကမ်းက ၁၉ ရွာထဲက  တာစန့်ရွာခံ ဖြစ်တယ်လို့ ဆိုပါတယ်။ 

သေဆုံးသူမှာ သူ့ရဲ့ ‌အဖော်အမျိုးသီးနဲ့ စားသောက်ဆိုင်မှာ ရှိနေချိန် အမည်မသိ လက်နက်ကိုင် လူလတ်အရွယ် အင်္ကျီအဖြူ ဝတ်ဆင်ထားသူ ၁ ဦးက လွယ်အိတ်ထဲကနေ နောက်ကျောမှ အနီးကပ် ပစ်ခတ်လိုက်ကြောင်း လူမှုကွန်ယက်မှာ ပြန့်နှံ့နေတဲ့ ဗီဒီယိုဖိုင်မှာ တွေ့ရပါတယ်။

သေဆုံးသူရဲ့ အလောင်းကို မူဆယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံမှတဆင့် H.M.S ပရဟိတ လူမှုကူညီရေးအသင်းမှ ‌တာစန့်ကျေးရွာ နေအိမ်ကို ကူညီပို့ဆောင်ပေးခဲ့ ကြောင်း အဲဒီ အသင်းမှ သိရပါတယ်။ 

လာရောက်ပစ်ခတ်သွားတဲ့ အမျိုးသားကို လက်ရှိထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ မူဆယ်မြို့မှာတော့ လက်နက်ကိုင် ပေါင်းစုံ ရှိတဲ့ အပြင် မကြာခဏ ပစ်ခတ်မှု၊ လူသတ်မှု၊ ခိုးမှုတွေ ပိုဆိုးလာနေတာကြောင့် မူဆယ်မှာ နေထိုင်သူတွေက လုံခြုံရေးကို စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

//
Up