close

နန်စီပေလိုစီ ထိုင်ဝမ်သို့သွားပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဟု တရုတ်သတိပေး

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီအနေနဲ့  ထိုင်ဝမ်ကျွန်းဆီ သွားလည်ခဲ့ရင် ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်မယ်လို့ တရုတ်အစိုးရက ဇူလိုင် ၁၉ ရက်မှာ သတိပေးလိုက်ပါတယ်။

နန်စီပေလိုစီရဲ့ ခရီးစဉ်ဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက ပေကျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

နန်စီပေလိုစီနဲ့ သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့ဟာ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေဆီ သွားမှာဖြစ်ပြီး အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်ဒေသ ကွပ်ကဲမှုဌာနချုပ် ဟာဝိုင်အီမှာ အချိန်ကုန်ဆုံးမယ်လို့ အဲဒီကိစ္စနဲ့ ရင်းနှီးပတ်သက်သူတွေကို ကိုးကားပြီး Financial Times သတင်းစာက ဖော်ပြပါတယ်။

နန်စီပေလိုစီရဲ့ ရုံးနဲ့ အမေရိကန် နိုင်ငံခြားရေးဌာနတို့က မှတ်ချက်ပေးဖို့ ရိုက်တာသတင်းဌာနရဲ့ တောင်းဆိုချက်ကို ချက်ချင်း မတုံ့ပြန်သေးပါဘူး။ ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဘယ်ခရီးစဉ်နဲ့မဆို ပတ်သက်တဲ့ “သက်ဆိုင်ရာ အချက်အလက်တွေ” မရသေးဘူးလို့ ပြောပါတယ်။

ကိုယ်ပိုင်အစိုးရနဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်က သူ့ပိုင်နက်လို့ အခိုင်အမာ ကြေညာနေပြီး ဖိအားတွေ ပို တိုးလာနေပါတယ်။ ဒီပြဿနာဟာ တရုတ်နဲ့ အမေရိကန် အစိုးရ နှစ်ရပ်အကြား ဆက်ဆံရေးမှာ အမြဲတမ်း ကသိကအောက်ဖြစ်စရာ ကိစ္စလည်း ဖြစ်နေပါတယ်။

//
Up