close

မြောင်မြို့နယ်ရှိ တလုပ် PDF စခန်းတခု စီးနင်းမီးရှို့ခံရ

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းက တလုပ် PDF စခန်းတခုကို စစ်ကောင်စီတပ်ဖွဲ့က ဇူလိုင် ၁၉ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စခန်းကို မီးရှို့သွားခဲ့တယ်လို့ People's Defence Force - Taloke က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းကို ဝင်မစီးနင်းခင် မြစ်ဆုံကျေးရွာမှာ နှစ်ညအိပ်နားခိုခဲ့ပြီး အဲ့ဒီရက်တွေက မြစ်ကြောင်းမှ စစ်သင်္ဘာတွေ ဆန်တက်လာတာတွေနဲ့ လေကြောင်းက ရဟတ်ယာဉ်တွေ ပျံဝဲနေတာတွေကြောင့် တိုက်ပွဲဖော်ဆောင်ဖို့ အခွင့်မသာခဲ့ဘူးလို့ ဆိုပါတယ်။

ဇူလိုင် ၁၉ ရက်နေ့ မနက်ပိုင်းမှာတော့ မြစ်ဆုံကျေးရွာမှ ထွက်ခွာတဲ့ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းဟာ တလုပ် PDF စခန်းတခုကို ဝင်ရောက်စီးနင်း မီးရှို့သွားပြီး မြစ်ဆုံရွာရဲ့ အရှေ့ဘက်ရှိ ညောင်ကယားကျေးရွာဘက်ကို ဦးတည်ထွက်ခွာသွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီလို စခန်းမီးရှို့ခံလိုက်ရတဲ့အတွက် ပျက်စီးဆုံးရှုံးများရှိပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၇ ရက်နေ့ကလည်း ကျောက်ရစ်ကျေးရွာမှ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့အင်အား ၈၀ လောက်ဟာ မြစ်ဆုံကျေးရွာမရောက်ခင် လမ်းတလျှောက်ရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ဆည်ရွာကျေးရွာက အသက် ၂၀ အရွယ် အမျိုးသမီးငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်နဲ့ အခု ဇူလိုင်လပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဟာ ရေကြောင်းကို အသုံးပြုကာ မြစ်ကြောင်းဘေးရှိ မြောင်မြို့နယ်အတွင်းက ကျေးရွာတွေနဲ့ ရေစကြိုမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်တာတွေ ယခင်ကထက် ပိုများလာတယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေရဲ့ ပြောပါတယ်။

ဇူလိုင် ၅ ရက်နဲ့ ၆ ရက်နေ့တွေကလည်း ရေစကြိုမြို့မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့  တလုပ် PDF အပါဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ဟာ မြောင်မြို့နယ်အတွင်းရှိ ဆုလှေ၊ ရွှေလှံနဲ့ မြစ်သာကျေးရွာတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

//
Up