close

ဖိလစ်ပိုင် ဘွဲ့နှင်းသဘင်အခမ်းအနားတခုတွင် ပစ်ခတ်မှုဖြစ်၊ မြို့တော်ဝန်ဟောင်းအပါအဝင် ၃ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ ဇူလိုင် ၂၄ ရက်က ပစ်ခတ်မှု ကြောင့် မြို့တော်ဝန်ဟောင်းတဦးအပါအဝင် လူသုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

ကျောင်းဝင်းလုံခြုံရေး အရာရှိတဦးနဲ့ အပြန်အလှန်ပစ်ခတ်လို့ ဒဏ်ရာရခဲ့တဲ့ သံသယရှိသူကို အာဏာပိုင်တွေက ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့ ကွီဇုံခရိုင် ရဲမှူး ရီးမတ်စ် မေဒီနာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်တောင်ပိုင်း လာမီတန်မြို့က မြို့တော်ဝန်ဟောင်း ရို့စ် ဖူရိဂေးဟာ အန်တေနီယိုဒေ မနီလာတက္ကသိုလ် ဥပဒေဌာနကနေ သမီးဘွဲ့ယူချိန်မှာ ဘွဲ့နှင်းသဘင် တက်ဖို့ လာချိန် ပစ်ခတ်ခံခဲ့ ရတာလို့ မေဒီနာက ပြောပါတယ်။ 

ဘွဲ့နှင်းသဘင်နဲ့ မပတ်သက်တဲ့ သံသယရှိသူဟာ ဓားပြမှုနဲ့ ပြန်ပေးဆွဲမှုတွေကြောင့် လူသိများတဲ့ အဘူဆေယက်ဖ်အဖွဲ့ရဲ့ အမာခံနယ်မြေဖြစ်တဲ့ ဘာစီလန်ပြည်နယ် လာမီတန် မြို့ ဇာတိပါ။

အခြားသေဆုံးသူနှစ်ဦးက ကျောင်းဝင်းလုံခြုံရေးအရာရှိ တဦးနဲ့  အမည်မသိအမျိုးသား တဦးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

တက္ကသိုလ်ကတော့ ပစ်ခတ်မှုကြောင့် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖျက်သိမ်းခဲ့ပါတယ်။

ဖိလစ်ပိုင်က ပုဂ္ဂလိကလုံခြုံရေးအရာရှိတွေဟာ ပစ္စတို ခြောက်လုံးပြူးလိုမျိုး လက်တဖက်တည်းနဲ့ ကိုင်တွယ် ပစ်ခတ်နိုင်တဲ့ သေနတ်တွေ ဒါမှမဟုတ် ပြောင်းချော သေနတ်တွေကို ကိုင်ဆောင်ထား ပြီး သေနတ်တွေကို စျေးဝယ်စင်တာတွေ၊ ရုံးခန်းတွေ၊ ဘဏ်တွေ၊ စားသောက်ဆိုင်တွေနဲ့ စာသင်ကျောင်းတွေမှာပါ တွေ့နေရပါတယ်။ 

//
Up