close

အင်ဒိုနီးရှားတွင်ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုတွင် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ ပါဝင်မည်

အင်ဒိုနီးရှားနိုင်ငံမှာ လာမယ့်လလုပ်မယ့် စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ သြစတြေးလျတို့နဲ့အတူ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့တွေ ပထမဆုံးအကြိမ် ပါဝင်လေ့ကျင့်မယ်လို့ ဂျပန်ဝန်ကြီးချုပ် ဖုမိအို ခိရှိဒါက အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ ဆွေးနွေးအပြီး ဇူလိုင် ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

အင်ဒိုနီးရှားနဲ့ ဂျပန် ခေါင်းဆောင် နှစ်ယောက်ဟာ ဧပြီလနှောင်းပိုင်းမှာ ဒုတိယအကြိမ် တွေ့ဆုံခဲ့တာပါ။

အဲဒီနောက် အင်ဒိုနီးရှားဟာ ဂျပန်အတွက် အဓိကကျတဲ့ မဟာဗျူဟာမိတ်ဘက်နိုင်ငံလို့ ခိရှိဒါက ပြောခဲ့ပါတယ်။ အခုနှစ် ဒုတိယအကြိမ် အစည်းအဝေးမှာတော့ စွမ်းအင်နယ်ပယ်မှာ ပိုနီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ ခေါင်းဆောင်နှစ်ဦးက သဘောတူခဲ့ကြပါတယ်။

အမေရိကန်၊ သြစတြေးလျနဲ့ တခြားနိုင်ငံတွေနဲ့အတူ အင်ဒိုနီးရှားမှာ သြဂုတ် ၁ ရက်မှာ စတင်ကျင်းပမယ့် Garuda Shield ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့တွေ ပါဝင်လေ့ကျင့်မယ်လို့လည်း သူက ပြောပါတယ်။

အင်ဒိုနီးရှားနဲ့ အမေရိကန်တို့ကြား ပုံမှန် နှစ်စဉ်လုပ်နေကျ စစ်ရေးလေ့ကျင့်မှုဟာလည်း အရင်နှစ်တွေထက် အတိုင်းအတာအရ သိသိသာသာ ပိုကြီးမယ်လို့ အမေရိကန်က ပြောပါတယ်။

အမေရိကန်အစိုးရနဲ့ ဒေသတွင်း မဟာမိတ်တွေဟာ အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့အင်အား ကြီးထွားလာနေတာကို တန်ပြန်ဖို့ အရှိန်မြှင့် ကြိုးပမ်းလာချိန်မှာ ဂျပန်ကပါ ပါဝင်ပတ်သက်လာနေတာပါ။

အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းတွေနဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် ဂျပန်က အင်ဒိုနီးရှားအစိုးရကို ဂျပန်ငွေ ယန်း ၄၃ ဒသမ ၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၁၈ သန်း) ချေးမယ်လို့လည်း ခိရှိဒါက ပြောပါတယ်။

အင်ဒိုနီးရှားဟာ ၂၀၂၀ ခုနှစ်မှာ ဂျပန်ရဲ့ ၁၄ ခုမြောက် အကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉ ဒသမ ၂ ဘီလီယံရှိတယ်လို့ ဘဏ္ဍာရေးစျေးကွက် သုတေသနကုမ္ပဏီ Refinitiv ကပြုစုတဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အချက်အလက်တွေက ဆိုပါတယ်။

အဲဒီနှစ်မှာပဲ ဂျပန်နိုင်ငံဆီ အင်ဒိုနီးရှားကနေ တင်သွင်းကုန်တွေဟာ စုစုပေါင်း ဒေါ်လာ ၁၄ ဒသမ ၅ ဘီလီယံဖိုး ရှိခဲ့ပြီး အင်ဒိုနီးရှားဟာ ဂျပန်ရဲ့ ၁၂ ခုမြောက် အကြီးဆုံး သွင်းကုန်အရင်းအမြစ် ဖြစ်လာခဲ့ပါတယ်။

အင်ဒိုနီးရှားသမ္မတဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဝန်ကြီးချုပ် လီခေ့ချန်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ အင်္ဂါနေ့က တရုတ်နိုင်ငံဆီ သွားရောက်ပါတယ်။

ခေါင်းဆောင်တွေဟာ ကုန်သွယ်မှုမြှင့်တင်ရေး၊ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာဖူလုံရေး စတဲ့ နယ်ပယ်တွေမှာ ပိုတိုးချဲ့ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ ကတိပြုခဲ့ပါတယ်။

//
Up