ဓာတ်ငွေ့ဝယ်လိုအားလျှော့ချမည့် အရေးပေါ်အစီအစဉ် အီးယူနိုင်ငံများ အတည်ပြု

ဥရောပသမဂ္ဂနိုင်ငံတွေဟာ ဓာတ်ငွေ့ဝယ်လိုအားကို လျှော့ချမယ့် အရေးပေါ်အစီအစဉ် တရပ်ကို ဇူလိုင် ၂၆ ရက်မှာ အတည်ပြုခဲ့ပါတယ်။
တချို့အီးယူနိုင်ငံတွေဟာ ရုရှားရဲ့ ဓာတ်ငွေ့ပေးပို့မှုကို နောက်ထပ်လျှော့ချဖို့ ပြင်ဆင်နေကြတာကြောင့် တချို့နိုင်ငံတွေအတွက် ဖြတ်တောက်မှုကို ကန့်သတ်မယ့် သဘောတူညီချက်တွေမှာ အငြင်းအခုန် ဖြစ်ခဲ့ကြပါတယ်။
ရုရှားစွမ်းအင်ကုမ္ပဏီ Gazprom ဟာ Nord Stream 1 ပိုက်လိုင်းကနေ ဂျာမနီကို ဓာတ်ငွေ့စီးဆင်းမှုကို ပို့ပေးနိုင်စွမ်းရဲ့ ငါးပုံတပုံအထိ ဖြတ်တောက်ပစ်မယ့်အကြောင်း ပြောခဲ့ပြီးနောက် ဥရောပမှာ ဗုဒ္ဓဟူးနေ့ကစပြီး ဓာတ်ငွေ့နဲ့ အကျပ်ကိုင် ဖိအားပေးမှု တိုးလာတာကို ရင်ဆိုင်နေရပါပြီ။
အီးယူနိုင်ငံ တဒါဇင်လောက်ဟာ ရုရှားရဲ့ ဓာတ်ငွေ့ပေးပို့မှု လျှော့ချရေးကို ရင်ဆိုင်နေရတာပါ။ ယူကရိန်းနဲ့ စစ်ပွဲအတွက် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ရုရှားက ဓာတ်ငွေ့လမ်းကြောင်းတွေကို လုံးဝဖြတ်တောက်သွားမှာကို စိုးရိမ်တာကြောင့် အီးယူက အဖွဲ့ဝင်နိုင်ငံတွေကို ဓာတ်ငွေ့တွေ ချွေတာပြီး ဆောင်းရာသီအတွက် သိုလှောင်ဖို့ တိုက်တွန်းထားပါတယ်။
ဩဂုတ်မှ မတ်လအထိ ဓာတ်ငွေ့အသုံးပြုမှု ၁၅ ရာခိုင်နှုန်းကို ဆန္ဒအလျောက် ဖြတ်တောက်ဖို့ အီးယူနိုင်ငံအားလုံးအတွက် အဆိုပြုချက်တရပ်ကို စွမ်းအင်ဝန်ကြီးတွေက အတည်ပြုခဲ့ပါတယ်။ ဟန်ဂေရီကတော့ အဲဒီသဘောတူညီချက်ကို ဆန့်ကျင်တဲ့ တခုတည်းသောနိုင်ငံဖြစ်ကြောင်း အီးယူအရာရှိ နှစ်ယောက်က ပြောကြားခဲ့ပါတယ်။