close

အကြမ်းဖက်မှုတိုက်ဖျက်မည့်ကတိ အာဖဂန်နိုင်ငံခြားရေးဝန်ကြီး အတည်ပြု

အာဖဂန်နစ္စတန်နိုင်ငံတွင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်မယ့် ကတိကို အာဖဂန် ကြားဖြတ်အစိုးရရဲ့ ယာယီနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဖဂန် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အမီယာခန်း မူတာကီက ထပ်လောင်း အတည်ပြုလိုက်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး ပြန်လည်နာလန်ထူရေး ထောက်ပံ့မယ့် နိုင်ငံတကာညီလာခံတရပ်ကို ဥဇဘက်ကစ္စတန်နိုင်ငံမှာ ဇူလိုင် ၂၆ ရက်ကစပြီး ကျင်းပနေပါတယ်။

ဒီအစည်းအဝေးကို ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာရှနဲ့ တခြားဒေသတွေက အစိုးရကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ ဒါဇင်ချီ တက်ရောက်ခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေက ဒါမှမဟုတ် တခြား ဘယ်နိုင်ငံကမဆို တယောက်ချင်းကိုရော အုပ်စုလိုက်ကိုပါ အာဖဂန်မြေကိုသုံးဖို့ ခွင့်မပြုဘူးဆိုတဲ့ ကတိကို နိုင်ငံခြားရေးဝန်ကြီး မူတာကီက ထပ်လောင်း အတည်ပြု ပြောဆိုခဲ့တယ်။

အာဖဂန်မြေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် သင့်တော်တဲ့ လမ်းဖွင့်ပေးထားတယ်၊ စေ့စပ်ညှိနှိုင်း ဆွေးနွေးရေးက ကိစ္စရပ်တွေရဲ့ အဖြေအတွက် အကောင်းဆုံးနဲ့ ထိရောက်တဲ့ နည်းလမ်းပဲလို့လည်း ဝန်ကြီးက ပြောခဲ့တယ်လို့ တာလီဘန် နိုင်ငံရေးရုံး အကြီးအကဲ ဆူဟေး ရှဟဲင်းမ်က တရုတ်သတင်းဌာန CGTN ကို ပြောပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ပြတ်ပြတ်သားသား ဆောင်ရွက်လိုစိတ်ကို အားကောင်းကောင်း ပြသဖို့နဲ့ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းတွေ အားလုံးနဲ့ အဆက်အသွယ် ဖြတ်တောက်ဖို့ အာဖဂန်အစိုးရကို ဥဇဘက်ကစ္စတန်သမ္မတက ဆော်ဩခဲ့ပါတယ်။

ဒါကသာ ကြားဖြတ်အစိုးရအပေါ် ယုံကြည်မှုအားကောင်းလာအောင် ကူညီနိုင်မယ်၊ ချစ်ကြည်ရင်းနှီးတဲ့ ပတ်ဝန်းကျင်မှာ အာဖဂန် ရေရှည်တိုးတက်ရေးအတွက် တကယ့်အလားအလာတွေကို လမ်းဖွင့်နိုင်မယ်၊ နိုင်ငံတကာ လူ့အဖွဲ့အစည်းနဲ့ ပတ်ဝန်းကျင်က အပြန်အလှန် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်ရေးကို ဆောင်ကြဉ်းနိုင်မယ်လို့လည်း သူက ပြောခဲ့ပါတယ်။

//
Up