close

ဂွ-သံတွဲကားလမ်း ပျက်စီးနေသဖြင့် အသွားအလာ ခက်ခဲနေ

ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်းရှိ စည်ပင်နဲ့ ကျောက်ကြီးကျေးရွာကြားမှာရှိတဲ့ ဂွ-သံတွဲ လမ်း ဆိုးဝါးစွာ ပျက်စီးနေတာကြောင့် အသွားအလာ ခက်ခဲနေကြပါတယ်။ 

ယာဉ်မောင်းတဦးက “ကားဘီးချတဲ့နေရာ ကချိုင့်ခွက်ကြီးတွေဖြစ်နေတော့ ကားသေးတွေ သွားရင် အလယ်ရိုးက ကားရဲ့ ဝမ်းဗိုက်နဲ့ မလွတ်တော့ဘူး၊ မိုးရွာလို့ ရေပြည့်နေရင်  အမာမြေနေရာကို မမြင်ရတော့ဘဲ ကားသွားရတာ။ အဆင်မပြေဘူး၊ အခြားနေရာက ပြောင်းသွားရအောင်လည်း ဘေးပတ်လည်က ရွှံ့ထူပြီး တောင်မြေအပျော့ သားတွေဖြစ်နေတော့ လမ်းလွဲမောင်းလို့မရဘူး။ ပြီးတော့ ကားလမ်းက နှစ် လမ်းသွားလို့မရတော့ တဖက်ကားဖြတ်မောင်းသွားပြီးမှ တဖက်က သွားနေရတာဆို​တော့ ခရီးပိုကြာနေတာပေါ့” လို့ ပြောပါတယ်။ 

အဆိုပါ လမ်းကို ဖြတ်ကျော်ပြီး ကျောင်းတက်နေရတဲ့ ကျောင်းဆရာတဦးကလည်း “အဲ့ဒီနေရာကျရင်တော့ ဘုရားတပြီး တလှိမ့်ချင်း လှိမ့်ရတယ်၊ ကားတွေတွေ့ရင် လွတ်တဲ့နေရာက ရပ်ပြီးစောင့်နေရတယ်။ အရင်ကတော့ ၈ နာရီ ခွဲလောက်လာရင် အချိန်မီတယ်၊ အခုလမ်းမကောင်းတော့ ၇ နာရီ ကလာရတယ်။  မိုးရွာတဲ့ ရက်တွေဆို ကျောင်းကို ၁၀ နာရီခွဲမှ ရောက်တယ်” လို့ ပြောပါတယ်။ 

ဂွ-သံတွဲလမ်းကို ရခိုင်ပြည်တောင်ပိုင်းက ကားတွေသာမက ရခိုင်ပြည်​မြောက်ပိုင်းထိ ပြေးဆွဲနေတဲ့ အဝေးပြေးကား၊ ကုန်ကား၊ အိမ်စီးကားတွေ အသုံးပြုသွားလာနေကြတာ ဖြစ်ပါတယ်။

//
Up