close

ဖိလစ်ပိုင်ငလျင် သေဆုံးသူ ၁၀ ဦးထိရှိလာ

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ ငလျင်လှုပ်အပြီး အပျက်အစီးတွေထဲကနေ နောက်ထပ် ရုပ်အလောင်း ၄ လောင်း ထပ်မံ တွေ့ရှိခဲ့လို့ ဇူလိုင် ၂၉ ရက်အထိ သေဆုံးသူ ဦးရေဟာ ၁၀ ဦးအထိ မြင့်တက်လာပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ 

ဇူလိုင် ၂၇ ရက်က ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၁ အဆင့်ရှိတဲ့ ငလျင်လှုပ်ချိန် မြေပြိုမှုအတွင်း အပြင်းထန်ဆုံးခံခဲ့ရတဲ့ အက်ဘရာပြည်နယ် လူဘာမြို့မှာ ကယ်ဆယ်ရေးသမားတွေက မြေပြိုကျလို့ မြေမြုပ်သွားတဲ့ လူတွေရဲ့ အလောင်းတွေကို သယ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်နယ်အရပ်ဘက် ကာကွယ်ရေးရုံးက AFP သတင်းဌာနကို ပြောပါတယ်။

ငလျင်လှုပ်ခတ်ပြီးတဲ့နောက် အကြိမ်ရေ ရာချီတဲ့ မြေပြင်တုန်ခါမှုတွေကနေ လွတ်ကင်းဖို့ ဖိလစ်ပိုင်နိုင်ငံ အက်ဘရာပြည်နယ်ထဲမှာ နေထိုင်သူတွေကို နေအိမ်အပြင်ဘက်မှာ နေကြဖို့ အာဏာပိုင်တွေက ဇူလိုင် ၂၉ ရက်အစောပိုင်းက အကြံပြုထားပါတယ်။

ငလျင်ကြောင့် ဖိလစ်ပိုင်မှာ လူ ၁၀ ယောက် သေဆုံးပြီး ၄ ယောက် ပျောက်နေကာ ကျန်လူ ၁၃၆ ယောက် ဒဏ်ရာရ ထားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အားပြင်းငလျင်ကြောင့် မြေပြိုမှုတဲ့အပြင် နောက်ဆက်တွဲ အနေနဲ့ ငလျင်အပြီး မြေပြင်တုန်ခါမှု ပေါင်း ၈၀၀ ကျော် လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၈၀၀၀၀  နီးပါး ထိခိုက်ခဲ့ ပါတယ်။

ငလျင်ဒဏ်ခံရတဲ့ ပြည်နယ်အများအပြားမှာ အခြေခံအဆောက်အအုံတွေ သိသိသာသာ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်အေဂျင်စီက ပြောပါတယ်။

နောက်ဆက်တွဲငလျင် လှုပ်ခတ်မှုတွေဟာ အဆောက်အအုံဟောင်းတွေ၊ စာသင်ကျောင်းတွေ၊ တံတားတွေနဲ့ အိမ်တွေအပါအဝင် အဆောက်အအုံတွေကို ပိုပျက်စီးစေနိုင်ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာကလည်း ဇူလိုင် ၂၈ ရက်မှာ အက်ဘ်ရာပြည်နယ်ဆီ ရောက်လာပြီး အစိုးရက ဒေသခံတွေရဲ့  အိမ်တွေ ပြန်လည်တည်ဆောက်ရာမှာ ကူညီပေးမယ်လို့ ဒေသခံတွေကို ကတိပြုခဲ့ပါတယ်။ 

//
Up