အက်သလက်တီကိုနှင့် ခြေစမ်းပွဲတွင် မန်ယူအသင်းရှုံးနိမ့်၊ ဗလက်ကာနိုနှင့် ခြေစမ်းပွဲတွင် ရော်နယ်ဒိုပါဝင်မည်

ဒီကနေ့ညပိုင်းမှာကစားမယ့် စပိန်ကလပ် ဗလက်ကာနိုအသင်းနဲ့ ခြေစမ်းပွဲမှာ စီရော်နယ်ဒိုပါဝင် မယ်လို့ နည်းပြ တန်ဟတ်ဂ်က အတည်ပြုပါတယ်။
ရော်နယ်ဒိုဟာ မန်ယူအသင်းရဲ့ ရာသီကြိုခရီးစဉ်တွေမှာ လိုက်ပါနိုင်ခြင်းမရှိခဲ့ဘဲ အသင်းနဲ့ ပူးပေါင်းတာ ရက်ပိုင်းပဲရှိပါသေးတယ်။
အပြောင်းအရွှေ့သတင်းတွေလည်း ထွက်ပေါ်နေပေမဲ့ အသင်းလူစာရင်းမှာပါဝင်မှာဖြစ်ပြီး ဘယ်လောက်ကြာတဲ့အထိ ကစားနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ကြောင်း နည်းပြ တန်ဟတ်ဂ်က အတည်ပြုခဲ့တာပါ။
ရော်နယ်ဒိုဟာ မနေ့ညက ကစားခဲ့တဲ့ အက်သလက်တီကိုနဲ့ ခြေစမ်းပွဲ လူစာရင်းမှာတော့ ပါဝင်ခြင်း မရှိခဲ့ပါဘူး။
အဲဒီပွဲမှာ မန်ယူအသင်းက ၁ ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး နည်းပြသစ် တန်ဟတ်ဂ် လက်ထက် ပထမဆုံးရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။
အက်သလက်တီကိုနဲ့ပွဲမှာ ပွဲထွက်ကစားခဲ့တဲ့ ကစားသမားတွေကတော့ ဗလက်ကာနိုနဲ့ ပွဲမှာ ပါဝင်မှာ မဟုတ်ဘူးလို့လည်း နည်းပြ တန်ဟတ်ဂ်က အတည်ပြုပါတယ်။