ရလဒ်ကောင်းရန် ပစ်မှတ်ထားရမည့်အချိန် ရောက်ပြီဟု မန်ယူနည်းပြပြော

လာမယ့်တပတ်ကစတင်ပြီး ရလဒ်ကောင်းဖို့ ပစ်မှတ်ထား ယှဉ်ပြိုင်သွားရမယ့်အချိန် ရောက်ပြီလို့ မန်ယူနိုက်တက်နည်းပြ တန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းဟာ နောက်ဆုံးခြေစမ်းပွဲ ၃ ပွဲမှာ နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ၁ ပွဲရှုံး၊ ၂ ပွဲသရေ ကျခဲ့တာပါ။
နည်းပြ တန်ဟတ်ဂ်ကတော့ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ တိုးတက်မှုတွေ မြင်တွေ့ခဲ့ရပြီး တိုးတက်ရမယ့်အပိုင်းတချို့တော့ ရှိနေသေးတယ်လို့ ပြောပါတယ်။
“အသင်းက တိုးတက်နေဆဲဖြစ်ပြီး ဆက်ပြီးတိုးတက်လာဦးမှာပါ။ ဒါပေမဲ့ လာမယ့်တပတ်ကစတင်ပြီး ရလဒ်လည်း ကောင်းမွန်လာဖို့ လုပ်ရတော့မယ်။ ခြေစမ်းပွဲတွေမှာ အတွေ့အကြုံရှိသူတွေနဲ့ လူငယ်တွေ ပေါင်းစပ်ပွဲထွက်ခဲ့ပြီး တချို့ဆိုရင် ပထမဆုံးအကြိမ် တွဲဖက်ကစားရတာတွေတောင်ရှိတယ်။ ဒါကို ဘယ်လိုရလဒ်များ မျှော်လင့်နေမှာလဲ” လို့ ဗလက်ကာနိုအသင်းနဲ့ ၁ ဂိုးစီ သရေကျတဲ့ ပွဲအပြီးမှာ ပြောပါတယ်။
မန်ယူအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဘရိုက်တန်နဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။