close

အမေရိကန်နှင့် အင်ဒိုနီးရှားစစ်တပ် ပူးတွဲ စစ်ရေးလေ့ကျင့်

အမေရိကန်နဲ့ အင်ဒိုနီးရှားစစ်တပ်တို့ဟာ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ နှစ်စဉ် ကျင်းပနေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဩဂုတ် ၃ ရက်မှာ စတင်ခဲ့ပါတယ်။

အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်နိုင်ငံ ရေတပ်အင်အား ကြီးထွားလာချိန်မှာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာကြောင်း အချက်ပြတာလည်းဖြစ်ပြီး တခြား မိတ်ဘက်နိုင်ငံတွေလည်း ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

အမေရိကန်၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ ဂျပန်နဲ့ စင်ကာပူတို့မှ စစ်သား ၅,၀၀၀ ကျော်ဟာ အခုနှစ် စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့ပြီး ၂၀၀၉ ခုနှစ် စစ်ရေးလေ့ကျင့်မှု စတင်ပြီးတဲ့နောက် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်လာခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသဖြစ်ရေး ပူးပေါင်းဆောင်ရွက်နိုင်စွမ်း၊ စွမ်းရည်၊ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့ ရည်ရွယ်ထားတယ်လို့ ဂျကာတာမြို့မှာရှိတဲ့ အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

“ဒါဟာ ဒေသတွင်း မြေပြင်တပ်တွေကြား ဆက်ဆံရေး တိုးတက်မှုနဲ့ အမေရိကန်-အင်ဒိုနီးရှား ဆက်ဆံရေးရဲ့ သင်္ကေတဖြစ်ပါတယ်” လုိ့ အမေရိကန်ကြည်းတပ် ပစိဖိတ်စစ်ဌာနချုပ်မှ ဗိုလ်ချုပ်ကြီး ချားလ်စ် ဖလင်းက ပြောထားပါတယ်။

အင်ဒိုနီးရှားဟာ ဒေသတွင်းအတွက် မဟာဗျူဟာအရ အရေးပါပြီး အဓိကကျတဲ့ အမေရိကန်ရဲ့ မိတ်ဘက်နိုင်ငံဖြစ်တယ်လို့ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ အမေရိကန်ဗိုလ်ချုပ်ကြီး မိုက်ခ် မေလီက ပြောခဲ့ပါတယ်။

အခုနှစ်အစောပိုင်းမှာ အမေရိကန်ဟာ အင်ဒိုနီးရှားကို ဒေါ်လာ ၁၃ ဒသမ ၉ ဘီလီယံဖိုး အဆင့်မြင့် တိုက်လေယာဉ်တွေ ရောင်းချဖို့ ခွင့်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း ဂျကာတာမှာ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အမေရိကန်နဲ့ အင်ဒိုနီးရှားတို့ကြား ပူးတွဲရေတပ်လေ့ကျင့်မှု တိုးမြှင့်ဖို့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

//
Up