မြောက်ကိုရီးယား နျူကလီးယားကင်းစင်ရေး ကြိုးပမ်းမှုကိုကူညီရန် ကန်နှင့်တောင်ကိုရီးယား ကတိပြု

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီနဲ့ တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂင်မ်ဂျင်ဖြိုတို့ဟာ မြောက်ကိုရီးယားအပေါ် အားကောင်းခိုင်မာတဲ့ အဟန့်အတားကို ထိန်းသိမ်းထားပြီး သူ့ရဲ့ နျူကလီးယားကင်းစင်ရေး ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီဖို့ သြဂုတ် ၄ ရက်က ကတိပြုခဲ့ကြပါတယ်။
လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်တို့ဟာ ဆိုးလ်မှာ တွေ့ဆုံပြီးနောက် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီအတောအတွင်း မြောက်ကိုရီးယားရဲ့ တဖြည်းဖြည်းတိုးတက်လာနေတဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေအပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
ပေလိုစီဟာ ထိုင်ဝမ်မှာ ခေတ္တခန ရပ်နားခဲ့ပြီးနောက် သြဂုတ် ၃ ရက် နှောင်းပိုင်းမှာ တောင်ကိုရီးယားကို ရောက်ရှိခဲ့တာပါ။
ပေလိုစီဟာ ကင်မ်နဲ့ တခြားလွှတ်တော်အမတ်တွေနဲ့ ဆွေးနွေးခြင်းမပြုသေးခင် ကြာသပတေးနေ့ အစောပိုင်းက ဆိုးလ်မြို့ရှိ အမေရိကန်သံရုံး အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ကြာသပတေးနေ့နှောင်းပိုင်းမှာ ပေလိုစီဟာ အမေရိကန် ဦးဆောင်တဲ့ ကုလသမဂ္ဂ ကွပ်ကဲမှုအဖွဲ့နဲ့ မြောက်ကိုရီးယားတို့ ပူးပေါင်းကင်းလှည့်နေတဲ့ ကိုရီးယား ၂ နိုင်ငံ နယ်စပ်အနီးရှိ ပူးတွဲလုံခြုံရေးနယ်မြေကို သွားရောက်ဖို့ စီစဉ်ထားကြောင်း တောင်ကိုရီးယားအရာရှိတဦးက ပြောကြားခဲ့ပါတယ်။