တရုတ် တနိုင်ငံတည်းမူဝါဒကို ထောက်ခံကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်မှာ အလည်အပတ် ရောက်နေတဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ဩဂုတ် ၃ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။
အဓိကအကျိုးစီးပွားကို ထိန်းသိမ်းရာမှာ တရုတ်နိုင်ငံအပေါ် အခိုင်အမာ ထောက်ခံတယ်လို့ ဟွန်ဆန်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။
ဟွန်ဆန်ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အကြိမ် ၂၀ မြောက် အမျိုးသားကွန်ဂရက်ကိုလည်း ပြီးပြည့်စုံတဲ့ အောင်မြင်မှုရဖို့ ဆုမွန်ကောင်းတောင်းခဲ့ပါတယ်။
ကမ္ဘောဒီးယားဟာ ထိုင်ဝမ်ကို တရုတ်ပိုင်နက်ရဲ့ ခွဲထွက်လို့မရတဲ့ အစိတ်အပိုင်းတခုအဖြစ် ရှုမြင်ပြီး တရုတ်တနိုင်ငံတည်း မူဝါဒကို အခိုင်အမာ လိုက်နာတယ်လို့လည်း ဟွန်ဆန်က အလေးအနက် ပြောခဲ့ပါတယ်။
နှစ်နိုင်ငံချစ်ကြည်ရေးဟာ နှစ်နိုင်ငံစလုံးမှာ အမြစ်တွယ်နေပြီး ပြည်သူတွေအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ပေးဆောင်ခဲ့တဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း ပူးပေါင်းတည်ဆောက်မှုကနေ အသီးအပွင့် ရလဒ်တွေကို ခံစားရတယ်လို့လည်း ဟွန်ဆန်က ပြောပါတယ်။
အခုနှစ်ဟာ ကမ္ဘောဒီးယားဘုရင်ဟောင်း နိုရိုဒွန် သီဟာနု မွေးနေ့ နှစ် ၁၀၀ ပြည့်နဲ့ ၂၀၂၃ ခုနှစ်မှာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၆၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကျင်းပမယ်လို့ ဟွန်ဆန်က ပြောခဲ့ပါတယ်။
တရုတ်-ကမ္ဘောဒီးယား ဆက်ဆံရေးဟာ ပြောင်းလဲလာတဲ့ နိုင်ငံတကာ အခင်းအကျင်းရဲ့ စမ်းသပ်မှုကို ခံနိုင်ရည်ရှိပြီး ကျောက်သားလိုခိုင်မာကာ မပြိုကွဲနိုင်သေးဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောပါတယ်။
နှစ်ဖက်စလုံးက ဒေသတွင်းအရေးကိစ္စတွေမှာ ဆက်သွယ်ရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကို အားကောင်းစေဖို့၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ဗိသုကာမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ ဗဟိုအချက်အချာကျမှုကို ထိန်းထားဖို့၊ ဒေသတွင်း အစုအဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ဆန့်ကျင်ဖို့နဲ့ ဘက်ပေါင်းစုံကနေ အတင်းအကျပ် ဖိအားပေးမှုတွေကို ဆန့်ကျင်ဖို့ တရုတ်နဲ့ ကမ္ဘောဒီးယား နှစ်ဖက်စလုံးက ကတိပြုခဲ့ကြပါတယ်။
အဲဒီနောက် မြန်မာ့အရေးနဲ့ ယူကရိန်းအကျပ်အတည်းအပေါ် နှစ်ဖက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။