ဟိုင်နန်ကျွန်းတွင် ကိုဗစ်ကူးစက်မှု အဆိုးဆုံးရင်ဆိုင်နေရပြီး အသွားအလာကန့်သတ်

တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ အဆိုးဆုံးကူးစက်တာကို ရင်ဆိုင်နေရတာကြောင့် အသွားအလာ ထိန်းချုပ်ကန့်သတ်နေပြီး စမ်းသပ်စစ်ဆေးတာတွေ တိုးချဲ့ ဆောင်ရွက်နေတယ်လို့ အစိုးရမီဒီယာက ဩဂုတ် ၉ ရက်မှာ ကြေညာပါတယ်။
စမ်းသပ်ခံဖို့ ဒါဇင်ချီတဲ့လူတွေ စီတန်း စောင့်ဆိုင်းနေပုံကို အစိုးရရုပ်သံ စီစီတီဗွီက ပြသခဲ့ပါတယ်။
ပြည်နယ်ရဲ့မြို့တော် စန်းယာမှာ နယ်မြေတွေကို လော့ဒေါင်းချထားပြီး အရံအတားတွေ ချထားပါတယ်။
ခရီးသွားလုပ်ငန်းကို မှီခိုနေရတဲ့ ဟိုင်နန်ကျွန်း တောင်ဘက်စွန်းက စန်းယာမြို့တော်မှာ ဩဂုတ် ၈ ရက်က ရောဂါလက္ခဏာပြတဲ့ ကူးစက်ခံ ၂၃၄ ယောက်နဲ့ လက္ခဏာမပြတဲ့ ကူးစက်ခံ ၁၄၅ ယောက်ကို တွေ့ခဲ့တယ်လို့ ကြေညာထားပါတယ်။
မနှစ်က ပြည်တွင်းကူးစက်ခံ ၂ ယောက်သာ မှတ်တမ်းတင်ခဲ့တဲ့ ဟိုင်နန်မှာ ခုတော့ ဒီတလတည်းမှာ ပြည်တွင်းကူးစက်ခံ အယောက် ၁,၅၀၀ ကျော်ခဲ့တာပါ။
လူဦးရေ ၇ သန်းရှိတဲ့ ပြည်နယ်အတွင်း မြို့ ၉ ခုထက်မနည်းမှာ ဒေသခံတွေဟာ မရှိမဖြစ် အလုပ်တွေ သွားလုပ်ဖို့၊ စားသောက်ကုန်ဝယ်ဖို့နဲ့ ကိုဗစ်စမ်းသပ်ချက်လို အကြောင်းပြချက်တွေကလွဲလို့ သူတို့နေတဲ့ နေရာကနေ မထွက်ရဘူးလို့ ပြောထားပါတယ်။
ကူးစက်မှုကြောင့် ဟိုင်နန်မှာ အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေကိုပါ ဆိုင်းငံ့ထားပါတယ်။