သီရိလင်္ကာတွင် ရွေးကောက်ပွဲအသစ် ကျင်းပပေးရန် တောင်းဆိုဆန္ဒပြ

ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြသူတွေကို လွှတ်ပေးဖို့နဲ့ ရွေးကောက်ပွဲအသစ် ကျင်းပပေးဖို့ ရာနဲ့ချီတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေဟာ သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုက လွတ်လပ်ရေးရင်ပြင်ဆီကို သြဂုတ် ၉ ရက်က ချီတက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
အလုပ်သမားသမဂ္ဂ စည်းရုံးရေးမှူး ဝါစန်သာ စာမာရာဆင်းဂ်က “နိုင်ငံတော်ပိုင်ပစ္စည်းတွေကို ဖိနှိပ်မှုနဲ့ ရောင်းချမှုတွေကို ချက်ချင်းရပ်လိုက်ပါ။ ပြည်သူတွေကို ထောက်ပံ့ကြေးပေးရမယ်။ ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ အစိုးရတရပ် ပေါ်ပေါက်လာဖို့ ရွေးကောက်ပွဲကို ချက်ချင်းကျင်းပပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။
သီရိလင်္ကာမှာ သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပတ်ဆာ ရာထူးက နုတ်ထွက်ဖို့ အကြီးအကျယ် ဆန္ဒပြခဲ့ပြီးတဲ့နောက် သမ္မတအိမ်တော်နဲ့ လွှတ်တော်တွေကိုပါ ပြည်သူတွေက စီးနင်းခဲ့တာပါ။
ဇူလိုင် ၂၀ ရက်မှာတော့ ဝန်ကြီးချုပ်ဟောင်း ရာနေးလ် ဝစ်ကရာမန်ဆင်းဂ်ဟာ ယာယီသမ္မတအဖြစ် လွှတ်တော်တွင်း မဲပေးရွေးချယ်ခံခဲ့ရပါတယ်။
သူ့ရဲ့ အစိုးရသက်တမ်း ရှည်ကြာတဲ့ အတွေ့အကြုံတွေက တိုင်းပြည်ကို စီးပွားရေးနဲ့ နိုင်ငံရေး အကျပ်အတည်းကနေ ရုန်းထွက်နိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။
ဝစ်ကရာမန်ဆင်းဂ်နဲ့ သူ့အစိုးရဟာ ရာဂျာပတ်ဆာအစိုးရကို ဖြုတ်ချဖို့ ကူညီပေးခဲ့တဲ့ ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲထားပါတယ်။
သီရိလင်္ကာ ကျွန်းနိုင်ငံလေးမှာ လောင်စာ၊ အစားအစာနဲ့ ဆေးဝါးတွေ လနဲ့ချီ ပြတ်လပ်ပြီးတဲ့နောက် အာဏာရ ရေပေါ်ဆီ အထက်တန်းလွှာကို လူအများက ဒေါသထွက်နေတာပါ။ တိုင်းပြည်ကို ထိန်းကျောင်းဖို့ ခြောက်ကြိမ်တိုင်တိုင် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သူ ဝစ်ကရာမန်ဆင်းဂ်က တာဝန်ယူခဲ့ပါတယ်။