ပြင်သစ်တောမီး ဧက ၁၅,၀၀၀ အထိ လောင်ကျွမ်း

ပြင်သစ်နိုင်ငံ အနောက်တောင်ဒေသမှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ သြဂုတ် ၁၀ ရက် နှောင်းပိုင်းအထိ ဟတ်တာ ၆ ထောင်ကျော်၊ ဧက ၁ သောင်းခွဲအထိ လောင်ကျွမ်းခဲ့ပြီး အနည်းဆုံး လူနေအိမ် ၁၆ လုံး မီးထဲပါသွားတယ်လို့ မီးသတ်ဌာန အရာရှိတွေက ပြောပါတယ်။
အရှိန်ပြင်းပြင်းနဲ့ လောင်ကျွမ်းနေတဲ့ တောမီးကို ငြှိမ်းသတ်ဖို့အတွက် မီးသတ်သမား အင်အား တထောင်ကျော်၊ လေယာဉ် ၈ စီးကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။
ပြင်သစ်မှာ အဆိုးဆုံး နွေရာသီနဲ့ မကြုံစဘူး မိုးခေါင်တဲ့နှစ်နဲ့ ကြုံနေရတာပါ။ ကြာသပတေးနေ့မှာ အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) အထိ မြင့်တက်မယ်လို့ မိုးလေဝသဌာနက ခန့်မှန်းပါတယ်။
မီးကြောင့် လေထုမငြိမ်မသက် ဖြစ်နေပြီး ငြှိမ်းသတ်ဖို့ ခက်ခဲနေတယ်လို့ မီးသတ်အဖွဲ့ကို ဦးဆောင်နေတဲ့ မာတင် ဂတ်စ်ပီရိုးက သတင်းထောက်တွေကို ပြောပါတယ်။
မီးဟာ တောထူတဲ့ အတွင်းပိုင်းအထိ ရောက်နေပြီဖြစ်လို့ ငြှိမ်းသတ်ဖို့ ပိုပြီး ခက်ခဲလာတယ်လို့ ပြောပါတယ်။
တောမီးလောင်ရာအနီးက ပင်စင်စားတွေ နေထိုင်ရာ ဂေဟာနဲ့ ဒေသခံ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။