ထိုင်းနှင့်မလေးရှား နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၃၀ ဘီလီယံထိတိုးမြှင့်ရန် သဘောတူ

ထိုင်းနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဩဂုတ် ၁၀ ရက်က ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှု ရည်မှန်းချက်သစ်ကို ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ၃၀ ဘီလီယံအထိ တိုးမြှင့်သွားဖို့ သဘောတူခဲ့ကြပါတယ်။
ထိုင်း ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမတ်ဝိနိုင်းနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာတို့ဟာ ထိုင်းနဲ့ မလေးရှားကြား ၁၄ ကြိမ်မြောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (JC) အစည်းအဝေးနဲ့ ၅ ကြိမ်မြောက် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကော်မတီ အစည်းအဝေးတို့မှာ နယ်စပ်ရေးရာ ကိစ္စရပ်တွေနဲ့ နယ်ပယ်အသီးသီးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံအကြောင်း မေးတဲ့အခါ သူတို့နှစ်ဦးဟာ အထူးသဖြင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စကို နောက်ပိုင်းမှာ ဆွေးနွေးကြမယ်လို့ ဒွန်က ပြောခဲ့ပါတယ်။
မြန်မာနိုငံအတွင်း ပဋိပက္ခတွေ အဆုံးသတ်ရေး ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ အကန့်အသတ်နဲ့ပဲ တိုးတက်တဲ့အပေါ် အာဆီယံအဖွဲ့ကြီးက အလွန်စိတ်ပျက်မိတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးတွေက သြဂုတ် ၅ ရက်က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။