close

ဘန်ကောက်မြို့တွင် ရေကြီးရေလျှံ

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ ဩဂုတ် ၁၅ ရက်ညက မိုးသည်းထန်စွာရွာတဲ့အတွက် နေရာအတော်များများ ရေကြီးရေလျှံနေပါတယ်။ 

ဘန်ကောက်မှာ မနေ့ ညနေ ၆ နာရီလောက်ကစလို့ မိုးတွေ ရွာလာပြီး ည ၁၁ နာရီလောက်မှာတော့ နေရာအနှံ့အပြား ရေကြီးရေလျှံတာတွေ စဖြစ်လာတာလို့ MCOT ထိုင်းသတင်းမှာ ဖော်ပြ ပါတယ်။ 

ဘန်းနားနယ်မြေ မိတ်ကဆန်လမ်း၊ ဆွန်လုံပြည်သူ့ရင်ပြင်၊ ရာ့ချ်ဒမ်းနိန်းလမ်း၊ ဖရလမ်းဆီ၊ မာဘွန်ခလောင်း၊ ဆုခိုမစ်လမ်း ၂၆၊ ပရဝေ့ချ်၊ ဖယားထိုင်း၊ ဆာထုပရဒစ်၊ ဟွေ့ခဝမ် အွမ်နွတ်လမ်း စတဲ့နေရာတွေမှာ ရေကြီးရေလျှံပြီး ယာဉ်ကြောပိတ်ဆို့မှု နာရီအတော်ကြာဖြစ်ခဲ့ကာ တချို့ နေရာ တွေမှာ ၃၀ စင်တီမီတာခန့်ထိ မြင့်တက်လာပြီး လှေအလိုရှိကြောင်း အော်နေကြတယ်လို့ ဆိုပါတယ်။ 

မကြာခင်ကမှ ခရိုင်ဝန်ဖြစ်လာတဲ့ ချာ့ချတ်ဆစ်ထိဖန်းကလည်း အဖွဲ့သားတွေနဲ့အတူ တညလုံး မနားရဘဲ ရေကြီးကြောင်း တိုင်တန်းချက်တွေ လက်ခံနားထောင် အားပေးစကားပြောကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ရေစုပ်ထုတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

အလားတူ စမွတ်ပရကန်ခရိုင် စမွတ်ပရကန်မြို့မှာလည်း ရေကြီးနေပြီး IKEA ကုန်တိုက်ကြီး တဝိုက် ရေတွေပြည့်နေတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမိုးလေဝသနဲ့ဇလဗေဒဌာနရဲ့ ဒီနေ့မနက် ၅ နာရီ ထုတ်ပြန်ချက်အရ လာမယ့် ၂၄ နာရီ အတွင်း ထိုင်းနိုင်ငံထဲက ခရိုင်ပေါင်း ၆၁ ခရိုင်မှာ မိုးရွာသွန်းနိုင်ပြီး တချို့နေရာမှာ မိုးသည်းထန်နိုင်တယ်လို့ ဆိုပါတယ်။

ထိုင်းမြောက်ပိုင်းမှာ ရွာရန်ရာနှုန်း ၇၀၊ ထိုင်းအရှေ့မြောက်ပိုင်းမှာ ၈၀ ရာနှုန်း၊ အလယ်ပိုင်းမှာ ၇၀၊ အရှေ့ပိုင်းဒေသမှ ၈၀၊ ဘန်ကောက်နဲ့ အနီးတဝိုက်မှာ ရွာရန်ရာနှုန်း ၈၀၊ တောင်ပိုင်း ကပ္ပလီပင်လယ်ကမ်းစပ်ဒေသ ရွာရန်ရာနှုန်း ၄၀ နဲ့  တောင်ပိုင်းထိုင်းပင်လယ်အော်မှာ ရွာရန်ရာနှုန်း ၄၀ ထိ ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ 

တောင်ပေါ်ဒေသနေပြည်သူတွေအနေနဲ့ တောင်ကျရေတွေရဲ့ အန္တရာယ်ကို သတိထားဖို့လည်း တိုက်တွန်းထားပါတယ်။ 

//
Up