ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးအဖွဲ့ဖမ်းထားသည့် ကြေးစားစစ်သည် ၃ ဦး သေဒဏ်ကျခံရဖွယ်ရှိ

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒန်ညက်စ်မြို့က ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးအဖွဲ့ရဲ့ တရားရုံးက ကြေးစားစစ်သည်တွေအဖြစ် ဖမ်းဆီးတရားစွဲဆိုထားတဲ့ နိုင်ငံခြားသားငါးယောက်ထဲမှာ သုံးယောက်က သေဒဏ်ကျခံရနိုင်တယ်လို့ ရုရှား မီဒီယာတွေက သြဂုတ် ၁၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဗြိတိန်နိုင်ငံသား ဂျွန်ဟာဒင်း၊ ခရိုအေးရှားနိုင်ငံသား ဗီယေကို စလပ်ဗ် ပရေဘက်နဲ့ ဆွီဒင်နိုင်ငံသား မာသီးယပ်စ် ဂုစတာဖက်ဆန်တို့ဟာ မာရီအူပယ် ဆိပ်ကမ်းမြို့ အနီးတဝိုက်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
ဒန်ညက်စ် ပြည်သူ့သမ္မတနိုင်ငံလို့ တကိုယ်တော် ကြေညာထားတဲ့ အစိုးရရဲ့ ဥပဒေတွေအရ သေဒဏ်ချမှတ်ခံရနိုင်တယ်လို့ ရုရှားအစိုးရပိုင် သတင်းအေဂျင်စီ TASS က ဖော်ပြခဲ့ပါတယ်။
နောက်ထပ် ဗြိတိန်နိုင်ငံသား နှစ်ယောက်ဖြစ်တဲ့ ဒီလန် ဟေးလီနဲ့ အန်ဒရူး ဟီးလ်တို့ကို စွဲချက်တင်ထားပေမဲ့ သေဒဏ်မခံရပါဘူး။ သူတို့ငါးယောက်စလုံးကတော့ အပြစ်မရှိကြောင်း ငြင်းထားတာပါ။
ရုံးချိန်းကို အောက်တိုဘာလဆန်းမှာ ပြန်စမယ်လို့ တရားသူကြီးကို ကိုးကားပြီး TASS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ပရီဘက်နဲ့ပတ်သက်တဲ့ စွဲချက်ကို ခရိုအေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်ချပြီး ဒါဟာ နိုင်ငံတကာဥပဒေနဲ့ စစ်သုံ့ပန်းတွေကို ဆက်ဆံတဲ့ နိုင်ငံတကာ သဘောတူညီချက်တွေကို ဆန့်ကျင်နေတယ်လို့ ပြောပါတယ်။ ဗြိတိန်နိုင်ငံခြားရေးရုံးကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်သေးပါဘူး။