နိုင်ငံခြားတွင် ထိန်းချုပ်ထားသည့် အာဖဂန်ပိုင်ဆိုင်မှုများ ပြန်ပေးရန် တရုတ် တောင်းဆို

အာဖဂန်နစ္စတန်နိုင်ငံရဲ့ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုတွေအပေါ် ကန့်သတ် ထိန်းချုပ်ထားတာတွေကို ချက်ချင်းဖယ်ရှားပေးဖို့ အများဆန္ဒ အယူခံတောင်းဆိုကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက သြဂုတ် ၁၅ ရက်မှာ ပြောကြားလိုက်ပါတယ်။
“ဒါဟာ အာဖဂန်နစ္စတန်ပြည်သူတွေ၊ အာဖဂန်နစ္စတန် အစိုးရရဲ့ တောင်းဆိုမှုသာမက နိုင်ငံတကာ အသိုက်အဝန်းရဲ့ တောင်းဆိုမှုလည်း ဖြစ်ကြောင်း၊ ဒါကို သူတို့ နားလည်သင့်ပြီး ချက်ချင်း အရေးယူသင့်ကြောင်း” တရုတ်သံအမတ်က ပြောပါတယ်။
နိုင်ငံရပ်ခြားမှာ ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်ရဲ့ ပိုင်ဆိုင်မှုတွေကို စောစောစီးစီး ပြန်ပေးလိုက်တာက နိုင်ငံပြန်လည်ထူထောင်ရာမှာ အကူအညီဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။
အာဖဂန်ပြည်သူတွေနဲ့ ကြားဖြတ်အစိုးရကို အားပေးဖို့ အရေးကြီးတဲ့အပြင် ကြားဖြတ်အစိုးရနဲ့လည်း ဆက်ဆံဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
အာဖဂန်နစ္စတန်ကနေ စွန့်ခွာသွားသူတွေဟာ သူတို့တာဝန် သူတို့ကျေသင့်ပြီး အဲဒီကိစ္စကနေ သင်ခန်းစာ ယူသင့်ကြောင်းလည်း သူက ပြောပါတယ်။
အာဖဂန်နစ္စတန်ကို အကူအညီတွေ ပေးအပ်ရေး ကတိကဝတ်တွေကို ဖြည့်ဆည်းပေးဖို့တွေ လုပ်ဆောင်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။
မနှစ် သြဂုတ်လလယ် တာလီဘန်တို့ သိမ်းပိုက်ပြီးနောက်ပိုင်း အာဖဂန် ဗဟိုဘဏ်က ပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်ကို အမေရိကန်က ထိန်းချုပ်ထားတာအပြင် ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့က ရန်ပုံငွေထောက်ပံ့မှု ရပ်ဆိုင်းခဲ့တာကြောင့် အာဖဂန်စီးပွားရေးဟာ ဒုက္ခတွေ့နေရပါတယ်။