စီးပွားရေးအကျပ်အတည်း ဖြေရှင်းပေးရန် အာဂျင်တီးနားပြည်သူများ ဆန္ဒပြ

နှစ်ပေါင်းများစွာ စီးပွားရေး အကျပ်အတည်းကို ခံစားနေကြရတဲ့ အာဂျင်တီးနားနိုင်ငံက သမဂ္ဂတွေ၊ အလုပ်သမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ဆင်းရဲမွဲတေမှုနဲ့ အလုပ်လက်မဲ့ ပြဿနာတွေ၊ မကျေနပ်ချက်တွေကို သြဂုတ် ၁၇ ရက်က ဗျူနိုအေးရိစ်မြို့တော်မှာ သမ္မတ အယ်လ်ဘာတို ဖာနန်ဒက်ဇ်ကို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ဗျူးနိုအေးရိစ်ရဲ့ အဓိကလမ်းမတွေထဲက တခုဖြစ်တဲ့ နိုင်းဒေမာယို ရိပ်သာလမ်းအတိုင်း ချီတက်ခဲ့ကြပြီး အောက်လွှတ်တော် အပြင်ဘက်မှာ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ စီးပွားရေးအကျပ်အတည်းကို ရှုတ်ချတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ရင်း လူမှုဖူလုံရေး ပိုမိုမြင့်မားလာစေဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ပြင်ပကြွေးမြီတွေအတွက်ပေးတဲ့ ငွေကြေးတွေကို အာဂျင်တီးနားရဲ့ အဆင်းရဲဆုံး လူတန်းစားအတွက် သုံးစွဲချင်နေကြတာပါ။
တောင်အမေရိကနိုင်ငံရဲ့ ၁၂ လကြာ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၆၀ ရာခိုင်နှုန်းကျော်မှာ လည်ပတ်နေလို့ ဗဟိုဘဏ်က ပြီးခဲ့တဲ့လမှာ အခြေခံအမှတ် ၃၀၀ ကနေ ၅၂ ရာခိုင်နှုန်းအထိ အတိုးနှုန်းကို တက်အောင် လုပ်ခဲ့ပါတယ်။
ငွေကြေးဖောင်းပွမှုဟာ အခုနှစ်မှာ ၈၀ ရာခိုင်နှုန်းနီးပါး ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အာဂျင်တီးနားအစိုးရက ငွေကြေးဖောင်းပွမှု လျှော့ချခြင်း အပါအဝင် စီးပွားရေး ပစ်မှတ်တွေနဲ့အတူ အကြွေးဒေါ်လာ ၄၄ ဘီလီယံကို ပြန်သတ်မှတ်ဖို့ မတ်လမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။