close

ရွှေပြည်သာတွင် ရာအိမ်‌မှူး ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊  လှော်ကားကျေးရွာမှာ ဩဂုတ် ၁၉ ရက် ဒီနေ့မနက်ပိုင်း    ရာအိမ်‌မှူး တယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

လှော်ကားဘုရားလေးမှတ်တိုင်နားက နီလာဈေးမှာ ဒီနေ့ မနက် ၇ နာရီ ကျော်က ထ/၁၆ ရပ်ကွက်၊ ရပ်ကွက်ရာအိမ်မှူး ဦးဝင်းဇော်ဟာ ဇနီးဖြစ်သူနဲ့အတူ စျေးလာဝယ်ချိန် သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။

"သေနတ်နဲ့ အရှေနဲ့အနောက် ညှပ်ပြီးပစ်တာ ပြေးလို့ မရအောင်။ သူ့မိန်းမကိုတော့ မပစ်ဘူး။ ပြီးခဲ့တဲ့ ရက်က သူအုပ်ချုပ်တဲ့ရပ်ကွက်မှာ ဒေါက်တာ တစ်ဦးနဲ့ PDF သုံးဦး ဖမ်းခံရတယ်။ သူ သတင်းပေး လို့။" 

ရာအိမ်မှူးဦးဝင်းဇော်ဟာ သြဂုတ် ၄ ရက်မှ ၆ ရက်အတွင်း ထ/၁၆ ရပ်ကွက်၊ ၅ ရပ်ကွက်နဲ့ ၆ ရပ်ကွက်မှာ ဒေါက်တာပြည့်ဖြိုးပိုင်အပါအဝင် လေးယောက်ကို ရန်ကင်းကလေးဆေးရုံ ပစ်ခတ်မှုမှာ ပါဝင်တယ်ဆိုပြီး စစ်တပ်ကစွပ်စွဲ ဖမ်းဆီးရာမှာ ကူညီပေးခဲ့သူဖြစ်တယ်လို့ ထ/၁၆ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။

“ရန်ကင်းကလေးဆေးရုံကို ရှော့တိုက်ဒုံးနဲ့ပစ်တဲ့ကိစ္စမှာ ပါတယ်ဆိုပြီး ဒေါက်တာအပါအဝင် လေးဦးကို လာဖမ်းတာ။ စစ်တပ်က နေရပ် မသိဘူး။ သူက လိုက်ပြတာ။"

အုပ်ချုပ်ရေးမှူးရဲ့ အလောင်းကို စစ်တပ်က သယ်ပြီး ရင်ခွဲရုံကို ပို့လိုက်တယ်လို့ သိရပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်ဟာ လှော်ကားဘုရားလမ်း နီလာဈေးနဲ့ ဘုရားလေး မှတ်တိုင်နားမှာ လမ်းပိတ် စစ်ဆေးနေပြီး ပစ်ခတ်သူတွေကို မမိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း  ရွှေပြည်သာမြို့နယ်မှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးပိုင်းက သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူရှိပါတယ်။

//
Up