အာဖဂန်နစ္စတန်ကို ကူညီရန် တာလီဘန်နှင့်စေ့စပ်ညှိနှိုင်းမှု မရှိမဖြစ်လိုအပ်ဟု တရုတ်သံတမန်ပြော

စစ်ဒဏ်ခံနေရတဲ့ အာဖဂန်နစ္စတန်နိုင်ငံကို ကူညီဖို့ လက်ရှိအစိုးရနဲ့ စေ့စပ်ညှိုနှိုင်းမှုက မရှိမဖြစ်ပဲလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာဖဂန်ရေးရာ အထူးသံတမန် ယွဲ့ရှောင်းယောင်က ပြောလိုက်တဲ့အကြောင်း ရိုက်တာသတင်းမှာဖော်ပြပါတယ်။
အသွင်ကူးပြောင်းရေးကာလ အာဖဂန်နစ္စတန်လို့ အမည်ပေးထားတဲ့ ရုပ်သံအစီအစဉ်မှာ တရုတ်အထူးသံတမန်က ပြောကြားခဲ့တာပါ။
တာလီဘန်တွေကို ဘယ်လို ချဉ်းကပ်မလဲ၊ လက်ရှိအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုတည်ဆောက်မလဲဆိုတဲ့အပေါ် တရုတ်အစိုးရရဲ့ အမြင်ကိုလည်း သံတမန်က မျှဝေခဲ့ ပါတယ်။
ဆယ်စုနှစ်ချီ စစ်ပွဲကနေ နာလန်ထူဖို့ အာဖဂန်ကို ခွင့်ပြုရေး အာဖဂန်အပေါ် စီးပွားရေး ပိတ်ဆို့ထားတာကို အမေရိကန်က လွတ်ငြိမ်းခွင့်ပြုရမယ်လို့လည်း သူက ပြောပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မှတ်ချက်အရ ငြိမ်းချမ်းတည်ငြိမ် ဖွံ့ဖြိုးကြွယ်ဝတဲ့ အာဖဂန်နိုင်ငံ ဖြစ်ရေးဟာ အာဖဂန်ပြည်သူ အားလုံးရဲ့ မျှော်မှန်းချက်ပဲ။ ဒါဟာ အားလုံးရဲ့ ဘုံအကျိုးစီးပွားဖြစ်တယ်၊ တရုတ်ဟာ အာဖဂန်နစ္စတန်နိုင်ငံထဲမှာ ပြန်လည်တည်ဆောက်ရေး၊ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး တည်တံ့စေဖို့ ဆက်လက်ထည့်ဝင်အားပေးပြီး အားလုံးနဲ့ အလုပ်တွဲလုပ်ဖို့အသင့်ပဲလို့လည်း တရုတ်သံတမန်က ပြောခဲ့ပါတယ်။