close

မုံရွာ လယ်ဇင်ရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်၊ လယ်ဇင်ကျေးရွာသား တယောက်ကို စစ်ကောင်စီတပ်က သြဂုတ် ၂၆ ရက် မနက် ၆ နာရီလောက်မှာ ပစ်သတ်ခဲ့တယ်လို့  ဒေသခံရွာသားတွေက ပြောပါတယ်။

အင်အား ၅၀ ပါ စစ်တပ်ဟာ မုံရွာဘက်ကနေ လယ်ဇင်ရွာထဲ သေနတ်ဖောက် ဝင်ရောက်လာပြီး  ပစ်ခတ်သတ်ဖြတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့က ရွာထဲကို သေနတ်တွေ ပစ်ဖောက်ဝင်လာတယ်။ လူတွေလည်း ကြောက်လန့် ထွက်ပြေးကြတယ်ဗျ။ ထွက်ပြေးတဲ့အထဲမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ၆ ဦးလည်းပါတယ်။ အဲ‌ဒီ ၆ ဦးထဲက ၁ ဦး ပစ်သတ်ခံရတယ်။ အခုဖြစ်နေတာက စစ်တပ်က သတ်တဲ့သူဆိုရင် PDF ဖြစ်သွားတယ်။ PDF က သတ်တဲ့သူဆိုရင် ဒလန်ဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေပဲ သေနေရတယ်။ လက်နက်ကိုင်အကုန်လုံးကို ပြည်သူက ကြောက်နေရတယ်။ ခေတ်ပျက်ကြီး မြန်မြန်ပြီးစေချင်လှပါပြီ” လို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။

သေဆုံးသူဟာ  ဦးအောင်ချစ်ဆိုသူဖြစ်ပြီး  ဒေသခံရွာသားအများစုကတော့ ဒလန်က စစ်တပ်ကို သတင်းမှားပေးကာ အခုလို သတ်ဖြတ်ခိုင်းတာလို့ ပြောဆိုနေကြပါတယ်။

စစ်တပ်က လယ်ဇင်ကျေးရွာထဲ အကြိမ်ကြိမ်ရောက်ကာ အခုလို သတ်ဖြတ်တာနဲ့ ရွာသားတွေကို ဖမ်းဆီးပြီး ငွေနဲ့ပြန်ရွေးခိုင်းတာတွေ လုပ်နေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

//
Up