အယ်လ်ဆာဗေဒိုနိုင်ငံတွင် ကိုကင်း ၃ ဒသမ ၆ တန်ကျော် ဖမ်းမိ

အယ်လ်ဆာဗေဒိုနိုင်ငံမှာ ကိုကင်း ၃ ဒသမ ၆ တန်ကျော် သိမ်းဆည်းရမိခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါး သိမ်းဆည်းရမိမှု အများဆုံးဖြစ်တယ်လို့ အာဏာပိုင်တွေကို ကိုးကားပြီး ဩဂုတ် ၂၇ ရက် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဩဂုတ် ၁၈ နဲ့ ၂၀ ရက်တို့က ရေတပ်စီးနင်းမှု နှစ်ခုအတွင်း အမေရိကန်ဒေါ်လာ ၉၁ သန်းဖိုး တန်ဖိုးရှိ ကိုကင်း ၃၆၄၀ ကီလိုဂရမ်ကို နိုင်ငံခြားသား ၉ ဦးနဲ့ ဖမ်းဆီးမိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး ရီနီမာရီနိုက ဩဂုတ် ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လာကွန်ကော့ဒီယာဆိပ်ကမ်းမှာ ကိုကင်း အထုပ်တွေကို ခင်းကျင်းပြသထားတဲ့ ပုံတွေကို အစိုးရက ထုတ်လွှင့်ပြသတဲ့ ဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အီကွေဒေါနိုင်ငံသား သုံးဦး၊ ကိုလံဘီယာနိုင်ငံသား နှစ်ဦးနဲ့ ဂွါတီမာလာ နိုင်ငံသား လေးဦးတို့ ပါတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။