close

ထိုင်းနိုင်ငံတွင် မီးဖိုချောင်သုံးဂက်စ်အိုးစက်ရုံ ပေါက်ကွဲပြီး အလုပ်သမား ၅ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံတွင် မီးဖိုချောင်သုံးဂက်စ်အိုးစက်ရုံ ပေါက်ကွဲ

ထိုင်းအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်၊ ဘန်းဆောင်ထုန်းမြို့ထဲမှာ ဩဂုတ် ၃၀ ရက် ည သန်းခေါင်ကျော်က ဂက်စ်အိုးစက်ရုံ ပေါက်ကွဲမီးလောင်မှုဖြစ်ပွားပြီး အလုပ်သမား ၅ ယောက် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဘန်းဆောင်ထုန်းမြို့ ဘန်းဆောင်ထုန်းရပ်ကွက်ရှိ VIP Petroleum ကုမ္ပဏီပိုင် ဂက်စ်အိုးစက်ရုံမှာ မနေ့ည ၁၂ နာရီခွဲလောက်က မီးလောင်ပေါက်ကွဲခဲ့တာဖြစ်ပြီး လူနာတင်ယာဉ်နဲ့ ချက်ချင်းသွားရောက်ကြည့်ရှုခဲ့တယ်လို့ ဘန်းဆောင်ထုန်းနယ်မြေရဲတပ်ဖွဲ့က ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ မီးလောင်ဒဏ်ရာ၊ ထိမိခိုက်မိဒဏ်ရာရရှိသူ စုစုပေါင်း ၅ ယောက်ရှိတာ ကြောင့် နီးစပ်ရာဆေးရုံတွေဆီ အမြန်ဆုံးပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ မီးသတ်ကား ၁၀ စီးကျော် ရောက်ရှိလာပြီး ဝိုင်းဝန်းငြှိမ်းသတ်ရာမှာ အချိန် ၁ နာရီ ကျော်ကြာမှ ငြိမ်းသွားကြောင်း၊ အလုပ်ရုံနဲ့ မော်တော်ကား ၁ စီးအပြင် အနီးနားမှာ ပုံထားတဲ့ ကားတာယာတွေရော LPG ဂက်စ်အိုးတွေပါ မီးလောင်သွားတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေပြောပြချက်အရ သူတို့စက်ရုံဟာ ညနေ ၅ နာရီကတည်းက ပိတ်ထားပြီး စက်ရုံထဲမှာတော့ ထိုင်းနဲ့ မြန်မာအလုပ်သမား ၃၀ လောက်ရှိကြောင်း၊ သန်းခေါင်ကျော်ချိန် အလုပ်သမားတွေက သူတို့အခန်းထဲမှာ အိပ်စက်နေစဉ် ပေါက်ကွဲသံကြီး ၂ ကြိမ်ကြားရပြီး အပြင် ထွက်ကြည့်ရာမှာ မီးတွေထတောက်နေကြောင်း၊ အလုပ်သမား ၁ ယောက်မှာ တကိုယ်လုံးမီးလျှံ တွေနဲ့ ထွက်ပြေးနေတာလို့ ပြောပါတယ်။

မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ဆုံးရှုံးမှုပမာဏတွေ သေချာမသိရသေးပေမယ့် စက်ရုံတာ ဝန်ရှိသူတွေက အနီးနားတဝိုက် လိုက်လံစစ်ဆေးရာမှာ ပင်မဓာတ်ငွေ့အိုးကြီးကနေ ဂက်စ်အိုးငယ် တွေကို ဖြည့်ပေးတဲ့ ပိုက်လိုင်းမှာ ယိုစိမ့်မှုဖြစ်နေကြောင်း၊ ဂက်စ်ရည်တွေ ယိုစီးသွားတဲ့လမ်းမှာ လောင်ကျွမ်းစေတဲ့အရာတခုခုနဲ့ ထိတွေ့ပြီး မီးထတောက်လောင်ကျွမ်းတာဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ အလုပ်သမားတွေနေတဲ့ တန်းလျားလည်း မီးလောင်သွားပြီဖြစ်လို့ သူတို့နေထိုင်ဖို့ ယာယီအခန်းတွေ အမြန်ပြန်ဆောက်နေတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up