PDF အချင်းချင်း သတ်ဖြတ်မှုဖြစ်စဉ်မှ ကျူးလွန်သူများကို လက်နက်ဖြုတ်သိမ်းရန် စီစဉ်နေဟု NUG ပြော

ယင်းမာပင်ခရိုင်ထဲမှာ မနှစ်က PDF အချင်းချင်း သတ်ဖြတ်ခဲ့တဲ့ပြစ်မှုမှာ ကျူးလွန်ခဲ့သူတွေကို လက်နက်ဖြုတ်သိမ်းဖို့ ဆောင်ရွက်နေပြီး ရုံးတင်စစ်ဆေးနိုင်ဖို့ အမြန်ဆုံးစီစဉ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်လိုက်ပါတယ်။
၉ လကြာစုံစမ်းစစ်ဆေးပြီးတဲ့နောက် ဖြစ်စဉ်တာဝန်ရှိသူတချို့ကို ဖော်ထုတ်လိုက်တာဖြစ်ပြီး ဆက်လက်စစ်ဆေးဖို့ လိုသေးတယ်လို့လည်း ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က ယင်းမာပင်မြို့နယ်၊ လာပို့ရွာသား မီးသတ်ရဲဘော်တယောက်ဟာ ခြေထောက်ဒဏ်ရာရလို့ ဆေးခန်းသွားပြရင်း အဖော်တယောက်၊ သူတို့ကိုလာခေါ်တဲ့ ယင်းမာပင် မီးသတ်ရဲဘော် ၂ ယောက်တို့ကို ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ တိုက်ကောင်း(ခ) ဗိုလ်ဘုန်းထက်အဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ပြီးတော့ အထက်ခေါင်းဆောင်ဖြစ်တဲ့ သပြေအေးဆရာတော် ဗိုလ်သံမဏိက ချုပ်နှောင်ထားခိုင်းလို့ ချုပ်နှောင်ထားတုန်းမှာ ဖမ်းခံရသူတွေ လွတ်မြောက်ရေးအတွက် အာမခံဖို့လာတဲ့ လာပို့ရွာ Hero Tiger အဖွဲ့က ဗိုလ်ထိုက်မောင်နဲ့ ရဲဘော် ၅ ယောက်တို့ဟာလည်း အဲဒီနေ့မှာပဲ အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားခဲ့လို့ နစ်နာသူတွေရဲ့ မိသားစုတွေက ကာကွယ်ရေးဝန်ကြီးဌာနဆီကို တိုင်ကြားခဲ့ကြတာပါ။
ဒါကြောင့် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်က ဒီဇင်ဘာ ၅ ရက်မှာ ဗိုလ်သံမဏိ၊ ၆ ရက်မှာ ဗိုလ်နဂါး၊ ၁၇ ရက်နေ့မှာ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ကနဦးစစ်ဆေးမေးမြန်းခဲ့ပါတယ်။
အဲဒီနောက် အခု ၂၀၂၂ ခုနှစ် မတ် ၉ ရက်အထိမှာ နစ်နာသူ မိသားစုဝင် ၁၁ ယောက်၊ ရပ်ရွာအကြီးအကဲ ၁ ယောက်၊ သက်ဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၁ ယောက်၊ စွပ်စွဲခံရသူ ၃ ယောက်နဲ့ သက်သေ ၇ ယောက်တို့ကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
စွပ်စွဲခံရသူ ၄ ယောက်ဖြစ်တဲ့ ဗိုလ်သံမဏိ၊ တိုက်ကောင်း၊ မောင်ဦးနဲ့ ရဲလေးတို့အထဲက တိုက်ကောင်းကတော့ ၃ ကြိမ် ဆင့်ခေါ်ခဲ့ပေမယ့် မလာခဲ့ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်ဆေးတွေ့ရှိချက်တွေအရ မီးသတ်ရဲဘော်တွေနဲ့ PDF တပ်ဖွဲ့ဝင်တွေအပါအဝင် ၁၀ ယောက်ကို သတ်ဖြတ်ခဲ့တဲ့အမှုကို ယင်းမာပင်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၄ ရဲ့ တာဝန်ရှိသူတချို့က ကျူးလွန်နိုင်ပြီး တပ်ရင်း ၄ တာဝန်ခံ ဆရာစံနဲ့ အဖွဲ့က အဓိကတာဝန်ရှိသူတွေဖြစ်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
တိုက်ကောင်း(ခ) ဗိုလ်ဘုန်းထက်အနေနဲ့ ဒီအမှုမှာ သူပါဝင်ပတ်သက်ခဲ့သမျှအတွက် ကိုယ်တိုင်စစ်ဆေးခံဖို့ ဗိုလ်သံမဏိနဲ့ ပူးပေါင်းရမှာဖြစ်ပြီး တာဝန်ရှိသူတွေဖြစ်တဲ့ ကိုအာပီဂျီ(ခ)ကိုအောင်ဇော်၊ တပ်ရင်းတာဝန်ခံ ဆရာစံနဲ့ အမိန့်ပေးကွပ်ကဲသူတွေကို စစ်ဖက်တရားရုံးဖွဲ့စည်းပြီး ဆက်လက်စစ်ဆေးဖို့ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
ဒေသခံတပ်ဖွဲ့တွေအကြား နယ်မြေစိုးမိုးမှု၊ လက်နက်ခွဲဝေမှု၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်မှု စတဲ့ အားပြိုင်မှုတွေရှိနေပြီး ဒါဟာ အားပြိုင်မှုရဲ့ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အရေးယူဖို့ဆုံးဖြတ်ချက်တွေကတော့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို PDF ဖြစ်စေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်စေ အသိအမှတ်ပြုမှာမဟုတ်ဘဲ ပြစ်မှုကျူးလွန်သူတွေ ကိုင်ဆောင်တဲ့ လက်နက်တွေကို ခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ အနီးကပ်ကြီးကြပ်မှုနဲ့ ဖြုတ်သိမ်းဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြစ်မှုကျူးလွန်သူတွေကို ရုံးတင်စစ်ဆေးဖို့ အကျဉ်းစစ်တရားရုံးကို အမြန်ဆုံးဖွဲ့စည်းသွားမယ်လို့လည်း ဆိုပါတယ်။
ပြစ်မှုကျူးလွန်ရာမှာမပါတဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေက အဖွဲ့ဝင်တွေကို သင့်တော်တဲ့တာဝန်တွေပေးနိုင်ဖို့ စိစစ်နေပြီး မှားယွင်းသတ်ဖြတ်ခံရတဲ့ Hero Tiger အဖွဲ့ဝင်တွေကို PDF ရဲဘော်တွေအဖြစ် တရားဝင်အသိအမှတ်ပြုသွားမယ်လို့လည်း ဆိုပါတယ်။
ကျန်ရစ်သူမိသားစုတွေကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထောက်ပံ့ကူညီသွားမယ်လို့ ဆိုပါတယ်။
ယင်းမာပင်ခရိုင်နဲ့ ထိစပ်နယ်မြေမှာ ဗိုလ်သံမဏိဦးဆောင်တဲ့ YMB PDF နဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာ အတည်ပြုနိုင်တဲ့ လူသတ်မှု ၅ မှုကျူးလွန်ထားပြီး ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တယောက် အပါအဝင် ကာကွယ်ရေးတပ်သားတွေ၊ ထောက်ပို့ခေါင်းဆောင်နဲ့ ပြည်သူ စုစုပေါင်း ၂၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ် ၆၃ ဖွဲ့က ထုတ်ပြန်ထားခဲ့ပါတယ်။