close

စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးနေသဖြင့် မုံရွာမြို့နယ် ကျေးရွာနေ ပြည်သူ ၁ သောင်းခန့် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကျွန်းကြီး၊ နတ်ကြီးကျွန်း၊ ဂျိုးစု စတဲ့ကျေးရွာတွေကို စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းမှစတင်ပြီး စစ်ကောင်စီတပ် အင်အား ၂၀၀​ လောက်က ကုန်းကြောင်း၊ ရေကြောင်း စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်ပစ်ခတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့က ဈေးဝယ်ထွက်လာတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ဖြူပင်ရဲကင်းစခန်းမှ ရဲနှစ်ဦးအား PDF အဖွဲ့က ပစ်သတ်ခဲ့ပြီးနောက် အခုလို ကျေးရွာတွေကို ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

စက်တင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်း ၆ နာရီခွဲလောက်ကလည်း စစ်ကောင်စီတပ်ဖွဲ့က နဂါးတွင်းကျေးရွာရဲ့ အနောက်ဘက် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းကနေ ကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တလုံး လက်နက်ကြီး ထိမှန်ခဲ့ပါတယ်။

ဒါ့ပြင် ကျေးရွာအနီး ယာတောထဲက ​နေအိမ် ၃ လုံး၊ ​ကျေးရွာအတွင်းက ၁၆ လုံး၊ ပြည်သူပိုင်ဆိုင်ကယ် အစီး ၂၀ လောက်ကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ပြီး နဂါးတွင်းရွာ ချမ်းသာကြီးကျောင်းတိုက်အတွင်းရှိ စစ်ရှောင်ပြည်သူ ၁၈ ဦးကိုလည်း ဖမ်းဆီး စစ်ဆေးခဲ့တယ်လို့ မုံရွာအမြင့်လမ်း သတင်းမှန်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"ဒီတခါလာတဲ့ စစ်ကြောင်းက အဆိုးဆုံးပဲဗျ။ ရွာထဲမှာရှိတဲ့ နေအိမ် ၁၆ အိမ်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ ပိုက်ဆံသိန်း ၁၀၀ ကျော်နဲ့ ရွှေလက်ဝတ်လက်စားတွေ ယူသွားတယ်။ ရွာထဲက ပြည်သူတွေကလည်း သူတို့လာတော့ ဘေးလွတ်ရာကို ​ရှောင်ကြတယ်ဗျ။ ဒါပေမဲ့ ရွာဘုန်းကြီးကျောင်းထဲ ရှောင်နေတဲ့သူတွေကိုတော့ ဖမ်းဆီး စစ်ဆေးတယ်။ ပြန်လွှတ်ပေးတဲ့သူတွေလည်းရှိသလို ဖမ်းခံရတဲ့သူတွေလည်းရှိတယ်။ ခုချိန်ကတော့ ဖမ်းခေါ်သွားတဲ့ သူအရေအတွက် အတိအကျမသိရသေးဘူး။"

ဒါ့အပြင် ကိုးရှင်းကျွန်းရွာဘက်မှာလည်း အသက် ၆၀ အရွယ် အမျိုးသမီးတဦး စစ်ဘေးရှောင်ရင်း အမောဖောက် သေဆုံးသွားသလို နဂါးတွင်းရွာ အရှေ့ဘက် ပေါက်ပင်ရွာက နေအိမ်တလုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့သွားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက် ပစ်ခတ် မီးရှို့ ဖျက်ဆီးနေတာကြောင့် မုံရွာ-အမြင့်လမ်းဘေးကျေးရွာတွေ ဒေသခံပြည်သူ ၁ သောင်းလောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောကြားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up